တီးတိန်မြို့ မြို့မရဲစခန်းမှ  ဒုတပ်ကြပ်အပါအဝင် ၄ ဦးကို PDF-Zolandက ဖမ်းဆီး

By ကိုခင်မောင် (မဇ္ဈိမ)
03 October 2023
တီးတိန်မြို့ မြို့မရဲစခန်းမှ  ဒုတပ်ကြပ်အပါအဝင် ၄ ဦးကို PDF-Zolandက ဖမ်းဆီး
ပုံအညွှန်း။ ။ PDF- Zoland မှ ဖမ်းဆီးထားသော ဒုတပ်ကြပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦး (ဓာတ်ပုံ− PDF- Zoland)

ချင်းပြည်နယ်မြောက်ပိုင်း၊  တီးတိန်မြို့ရှိ မြို့မရဲစခန်းမှ  စစ်ကောင်စီလက်အောက်ခံ ဒုတပ်ကြပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၆နာရီအချိန်ခန့်တွင် ဖမ်းဆီးခဲ့ကြောင်း PDF- Zoland ထံက သိရသည်။

အဆိုပါ ရဲတပ်ဖွဲ့၀င် လေးဦးသည် တီးတိန် - ရိဒ်လမ်းမပေါ်က  ခရီးသွား အရပ်သားပြည်သူများထံ ငွေကြေးများတောင်းခံရန်လာနေစဥ်  အလစ်အငိုက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု PDF-Zolandမှ တာ၀န်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။ 

"သူတို့က တီးတိန်မြို့နယ်  ပြည်သူတွေကိုအနှောက်အယှက်ပေးတယ်၊ ပြီးရင် ကားသမားတွေကို ငွေကြေးတွေ အဆမတန်တောင်းတယ်ပေါ့နော်။ ကုန်တင်ကားတစီးလျှင် ငွေကျပ် ၂၀၀,၀၀၀ အထိ ဆက်ကြေးကောက်ခံတာရှိတယ်။ ပစ္စည်းအနည်းအများပေါ်မူတည်ပြီး ငွေကြေးကောက်ခံတယ်။ အခုလို ငွေကြေးအဆမတန် ကောက်ခံတာကြောင့် ကားသမားတွေကလည်း  ကျွန်တော်တို့ဆီကို တိုင်ကြားတာလာတာရှိတယ်။ ကျွန်တော်တို့ရှိမယ်လို့ မထင်မဲ့နေရာမှာ အသင့်စောင့်ပြီး အလစ်ငိုက် ဝင်ဖမ်းတာပါ။ သူတို့ရောက်လာတော့ သေနတ်ချိန်ပြီး ခင်ဗျားတို့ ဘာမှမလုပ်နဲ့၊ ကျွန်တော်တို့ဘာမှ မလုပ်ဘူး၊ ဝပ်နေဝပ်နေဆိုပြီး အဲလို ခေါ်သွားတာပါဗျ “ ဟု PDF-Zoland မှ တာဝန်ရှိသူတဦးက ပြောသည်။

PDF Zoland က ဖမ်းဆီးထားသူများတွင်  ရဲဒုတပ်ကြပ် ကျော်သူရစိုး၊ ရဲတပ်သား ခုပ်ခန်တုန်း၊ ရဲတပ်သား စည်သူမိုးနှင့် ရဲတပ်သား ချမ်းငြိမ်းကျော် တို့ပါဝင်ပြီး ၎င်းတို့လေးဦးအား ကောင်းကောင်းမွန်မွန်ပြုစုကာ လုံခြုံသည့် နေရာတွင် ထိန်းသိမ်းထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။  

“သူတို့လေးဦးကို တရားဥပဒေနဲ့အညီ ဆက်လက်အရေးယူမှုတွေလုပ်ဆောင်သွားမှာပါ။ အခုတော့လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားပါတယ်။ သူတို့ကို ပါးရိုက်တာ၊ ရိုက်နှက်စစ်ဆေးတာတွေမလုပ်ပါဘူး။ ထမင်းကိုလည်း ကောင်းကောင်းကျွေးထားပါတယ်။” ဟု ဆိုသည်။

တီးတိန်မြို့နယ်အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များ၊ စစ်သားများနှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းကြရန် အထူးသတိပေးတိုက်တွန်းလိုကြောင်းလည်း PDF Zoland တာဝန်ရှိသူကဆိုသည်။

စက်တင်ဘာလ ၃၁ရက်နေ့တွင်လည်း  တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉)တပ်ရင်းအနီးတွင် စစ်ကောင်စီတပ်ထောင်ထားသော မြေမြုပ်မိုင်းနင်းမိ၍ အသက် ၁၀နှစ်ခန့်အရွယ် မိန်ကလေးတဦး ညာဘက် ခြေထောက် ဒူးအောက်ပိုင်း ကြွေမွသွားကာ ပြင်းထန်ဒဏ်ရာရသွားကြောင်း မြို့နေဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လတွင်လည်း တီးတိန်မြို့၊ မြို့မရဲစခန်းမှ ရဲတပ်သားနှစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလာပြီး PDF- Zoland ထံသို့ အလင်းဝင်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required