ဖလမ်းမြို့နယ်တွင် မိုင်းနင်းမိပြီး ၅ ရက်အတွင်း ၂ ဦးသေ ၂ ဦး ဒဏ်ရာရ

By ပါခွီး (မဇ္စျိမ)
20 April 2023
ဖလမ်းမြို့နယ်တွင် မိုင်းနင်းမိပြီး ၅ ရက်အတွင်း ၂ ဦးသေ ၂ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ငါးရက်အတွင်းနေရာသုံးနေရာ၌ မိုင်းနင်းမိခြင်းကြောင့် နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့အနီးတွင် ဧပြီလ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်က တောင်ယာသွားသောအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်းသိရသည်။

“တောင်ယာတွေက သင်္ချိုင်းကုန်းဘက်မှာရှိတာ၊ စစ်တပ်နဲ့လည်း တဆက်တည်းပေါ့။ မိုင်းက ဘယ်သူ ထောင်တာလဲဆိုတာတော့ သေချာမသိဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ပူးလန်ဇာဆွပ် (အသက် ၆၉ နှစ်) ရိခေါဒါရ် အမှတ်(၂) ရပ်ကွက်နေထိုင်သူသည် တောင်ယာသို့အသွား မိုင်းနင်းမိပြီး ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အလားတူ ဖလမ်းမြို့မှ ဟားခါးမြို့သို့ စစ်ကောင်စီတပ် စစ်ကြောင်းချီတက်ရာလမ်းကြောင်းနှင့် တိုက်ပွဲ များဖြစ်ပွားခဲ့သော ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာအနီးတွင် တောင်ယာသို့သွားသော ဇနီးမောင်နှံနှစ်ဦး မိုင်းနင်းမိပြီး အမျိုးသမီးဖြစ်သူသေဆုံးခဲ့ကာ အမျိုးသားမှာ ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် တောင်ယာသို့အသွား မိုင်းနင်းမိ၍ ဖလမ်းဆေးရုံသို့ပို့ ဆောင်စဉ် လမ်း၌ဒေါ်မဆန်းသေဆုံးခဲ့ကာ ၎င်း၏အမျိုးသား ဦးဖွန်းကြီးမှာ ခြေထောက်တွင်ဒဏ်ရာအ ပြင်းအထန်ရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။

ဧပြီလ ၁၅ ရက်နေ့ကလည်း ဖလမ်းမြို့နယ် စွန်းလှာကျေးရွာနေ ဆလိုင်းလားလ်ဟုမ်ရှားမ်သည် မိုင်းနင်း မိပြီး ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

၎င်းသည် တလန်ခမ်းကျေးရွာသို့ ခရစ်ယာန်အသင်းတော်လူငယ်အစီအစဉ်ဖြင့်လိုက်ပါသွားရာ မိုင်းနင်းမိ ပြီး ခြေထောက်တစ်ဖက်ပြတ်ကာ အခြားတဖက်မှာလည်း ဖြတ်လိုက်ရခြင်းဖြစ်သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly