ရှမ်းမြောက်တွင် အရပ်သားပစ်မှတ်ကို ဖျက်အားပြင်းဗုံးဖြင့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဟု TNLA ထုတ်ပြန်

By ဂျူချန်း(မဇ္ဈိမ)
27 September 2023
ရှမ်းမြောက်တွင် အရပ်သားပစ်မှတ်ကို ဖျက်အားပြင်းဗုံးဖြင့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဟု TNLA ထုတ်ပြန်
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး ထိခိုက်ပျက်စီးမှုများကို TNLA က ထုတ်ပြန်ထားစဉ် ၊ Photo/TNLAသတင်းနှင့်ပြန်ကြားရေးဌာန

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားများနေထိုင်ရာကျေးရွာကို ဖျက်အားပြင်းပေါင်၅၀၀ဗုံးအပါအဝင် ဗုံးသုံးလုံးဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကသတင်းထုတ်ပြန်သည်။

TNLA တပ်မဟာ(၅)စစ်ဒေသ၊ကွတ်ခိုင်မြို့နယ် မန်နိမ့်အွန်အုပ်စုရှိငေါ့ငါးကျေးရွာအတွင်း ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဂျက်ဖိုက်တာ နှစ်စီးက တိုက်ခိုက်ခြင်းဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီကဂျက်ဖိုက်တာဖြင့် ငေါ့ငါးကျေးရွာအပေါ်ပျံသန်းလာပြီး စက်သေနတ်ဖြင့် ကျေးရွာအတွင်းတရစပ်ပစ်ခတ်ကာ ပြင်းထန်သည့် ဖျက်အားပြင်း ဗုံးသည့် ပေါင်၅၀၀ဗုံးတလုံးအပါအဝင် ရိုးရိုးဗုံး သုံးလုံးဖြင့် ထပ်မံလာရောက်ဗုံးကြဲချခဲ့သည်ဟု TNLA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငေါ့ငါးကျေးရွာနှင့်အနီးဝန်းကျင်တွင်  တိုက်ပွဲတစုံတရာမရှိဘဲ ပြည်သူလူထုကိုဦးတည်ပြီးလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ‌ဆိုသည်။ထိုတိုက်ခိုက်မှုကြောင့် ငေါ့ငါးကျေးရွာအနီး ဥယာဉ်ခြံအချို့ပျက်စီးခဲ့ကြောင်းသိရပြီး  လူထိခိုက်မှုရှိမရှိကိုဖော်ပြထားခြင်းမရှိပေ။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး ထိခိုက်ပျက်စီးမှုများကို TNLA က ထုတ်ပြန်ထားစဉ် ၊ Photo/TNLAသတင်းနှင့်ပြန်ကြားရေးဌာန

စက်တင်ဘာလ ၂၅ ရက်နေ့ ညကလည်း   မူဆယ်မြို့နယ်ရှိ TNLA၏ လွယ်မောက်တပ်စခန်းအား ပေါင်၅၀၀ဗုံးဖြင့်နှစ်ကြိမ်လာရောက်ဗုံးကြဲမှုကြောင့် တပ်စခန်းအဆောက်အဦအချို့ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။ထိုနေရာအနီးတွင် စက်တင်ဘာလ ၂၂ ရက်နေ့က နောက်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  စက်တင်ဘာလ ၂၅ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း TNLA မှ ရှင်းပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအပြင် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLA ကြား တိုက်ပွဲများဖြစ်ပွားနေသည်။မိုးကုတ်မြို့နယ်၊ရေထွက်ကြီးကျေးရွာအနီး ယမန်နေ့နံနက်က တိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် TNLAကြား  စစ်ရေးဆက်လက်တင်းမာနေပြီး ယမန်နေ့က တိုက်ပွဲတွင် ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာမြို့၊ရပ်ကွက် (၄)အတွင်း  လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီးကလေးငယ်တဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများ၌ ဘာသာရေးအဆောက်အဦများကို အကာအကွယ်ယူ၍တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီနှင့် TNLAကြား ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၂၆ရက်အထိ  မူဆယ်မြို့နယ် စယ်လန့်၊ နမ့်ကတ်၊ နာထန်၊ ဂေါင်ရာ၊ နမ့်တောင်၊ လွယ်ကျယ်လော့၊ ဟိုပေါ်၊ ဆိုင်ခေါင်နှင့် ကောင်ရာရွာ၊ ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာ၊ ကောင်မူရာနှင့် လင်းလုံရွာ၊ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်း၊ အောက်ညောင်ကုန်း၊ ဖြူရောင်နှင့် ကုန်းစံရွာတို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း TNLAသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly