ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်စက်ရုံ ၁၅၀ ခန့် ပိတ်၊ အလုပ်သမား ၁၁,၀၀၀ ခန့် တရားစွဲခံရ

ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်စက်ရုံ ၁၅၀ ခန့် ပိတ်၊ အလုပ်သမား ၁၁,၀၀၀ ခန့် တရားစွဲခံရ

ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်လုပ်ငန်းရှင်များသည် စက်ရုံပေါင်း ၁၅၀ ခန့်ကို နိုဝင်ဘာ ၁၁ ရက်က အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီး တချိန်တည်းမှာပင် အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ရရှိရေး တောင်းဆိုသည့် ပြင်းထန်သော ဆန္ဒပြပွဲများနှင့် စပ်လျဉ်းပြီး အလုပ်သမား ၁၁,၀၀၀ ကို ရဲတပ်ဖွဲ့က စွဲချက်တင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထည်ချုပ်စက်ရုံပေါင်း ၃,၅၀၀ သည် နှစ်စဉ်ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံ၏ ၈၅ ရာခိုင်နှုန်းခန့်ကို ရှာဖွေပေးနေပြီး Levi’s ၊ Zara နှင့် H&M အပါအဝင် ကမ္ဘာ့ထိပ်တန်းဖက်ရှင်အမှတ်တံဆိပ်အများအပြားကို ဖြည့်ဆည်းပေးသွင်းနေခြင်း ဖြစ်သည်။

သို့သော် နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းတွင်းရှိ အလုပ်သမား လေးသန်းခန့်အနက် အများအပြားအတွက် အခြေအနေများသည် ဆိုးဝါးနေပြီး အလုပ်သမား အများစုသည် အမျိုးသမီးများ ဖြစ်ကြကာ ၎င်းတို့၏ လစဉ်လစာသည် တာကာ ၈,၃၀၀ (၇၅ ဒေါ်လာ) မှစတင်ပြီး ရရှိကြသည်။

လုပ်ခလစာ တိုးမြှင့်ရရှိရေး တောင်းဆိုသည့် ပြင်းထန်သော ဆန္ဒပြမှုများက ပြီးခဲ့သည့် လတွင် စတင်ပေါ်ပေါက်ခဲ့ပြီး အလုပ်သမား သုံးဦးထက်မနည်း သေဆုံးကာ စက်ရုံ ၇၀ ကျော် မွှေနှောက် ခိုးယူဖျက်ဆီးခံရ သို့မဟုတ် ထိခိုက်ပျက်စီးခဲ့သည်ဟု ရဲများက ပြောသည်။

အစိုးရ ခန့်အပ်တာဝန်ပေးသော အဖွဲ့တခုက လုပ်ခလစာကို ၅၆ ဒသမ ၂၅ ရာခိုင်နှုန်း တိုးပေးပြီး တာကာ ၁၂,၅၀၀ အဖြစ် နိုဝင်ဘာ ၇ ရက်က ကမ်းလှမ်းခဲ့သော်လည်း အထည်ချုပ်အလုပ်သမားများက ယင်းတိုးမြှင့်ပေးမှုကို ပယ်ချကာ အနိမ့်ဆုံးလုပ်ခလစာကို တာကာ ၂၃,၀၀၀ အထိ တိုးမြှင့်ရရှိရေး တောင်းဆိုလျက် ရှိသည်။

နိုဝင်ဘာ ၉ ရက်တွင် အလုပ်သမား ၁၅,၀၀၀ ခန့်သည် အဓိက အဝေးပြေးလမ်းမတခုတွင် ရဲများနှင့် ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ပြီး အဓိက စက်ရုံကြီးတခုဖြစ်သည့် တူဆူကာ အပြင် အခြားစက်ရုံ တဒါဇင်ခန့်ကို မွှေနှောက် ခိုးယူဖျက်ဆီးခဲ့သည်။

“တူဆူကာ အထည်ချုပ်စက်ရုံ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ လူ ၁၁,၀၀၀ ခန့်ကို ရဲတွေက အမှုဖွင့်ထားတယ်” ဟု ရဲမှူး မိုရှာရာဖ် ဟူစိန်က အေအက်ဖ်ပီကို ပြောသည်။

ဘင်္ဂလားဒေ့ရှ်ရဲများသည် ကြီးမားသည့် ဆန္ဒပြပွဲများနှင့် နိုင်ငံရေး အကြမ်းဖက်မှု ဖြစ်ပြီးနောက် လူထောင်နှင့်ချီအပေါ် အမည်မဖော်ပြဘဲ စွဲချက်တင်လေ့ ရှိပြီး ယင်းက အတိုက်အခံ အမြင်သဘောကွဲသူများအပေါ် ဖြိုခွင်းသည့် နည်းလမ်းတခုဖြစ်သည်ဟု ဝေဖန်သူများက ပြောသည်။

ဒါကာမြို့တော်၏ မြောက်ပိုင်းရှိ အဓိကစက်မှုမြို့များဖြစ်သော အရှူလီယာနှင့် ဂတ်ဇီပူရ်တို့၌ စက်ရုံ ၁၅၀ ပိတ်သွားကြောင်းနှင့် နိုဝင်ဘာ ၁၁ ရက်တွင် စတင်သည့် နိုင်ငံ၏ အလုပ်လုပ်ကိုင်မှု ရက်သတ္တပတ် စတင်ချိန် နောက်ထပ် သပိတ်မှောက်ဆန္ဒပြမှုများကို ဖြစ်မည်ကို ကုန်ထုတ်လုပ်သူများက စိုးရိမ်နေကြကြောင်း ရဲအရာရှိများက အေအက်ဖ်ပီကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required