ဘင်္ဂလားဒေ့ရှ်တွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၂ ဦး သေဆုံး၊ လူသိန်းချီ ဘေးလွတ်ရာတိမ်းရှောင်

ဘင်္ဂလားဒေ့ရှ်တွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၂ ဦး သေဆုံး၊ လူသိန်းချီ ဘေးလွတ်ရာတိမ်းရှောင်
Photo-AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ဘက် ပင်လယ်ကမ်းခြေသို့ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ‘ဟမွန်း’ ဖြတ်ကျော်ဝင်ရောက်စဉ် လူနှစ်ဦးထက်မနည်း သေဆုံးပြီး အောက်တိုဘာ ၂၅ ရက်တွင် လူ ၂၇၅,၀၀၀ နီးပါး ယာယီခိုလှုံရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း တာဝန်ရှိသူများက ပြောသည်။

ဟမွန်း မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းသို့ တိုက်ခတ်သည့် အဓိကမုန်တိုင်းကြီး ဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ပိုမို ကြီးမားပြီး ပိုမို လူအသေအပျောက်များစေသော မုန်တိုင်းများ ဖြစ်ပေါ်စေရန် တွန်းပို့နေစဉ် မြေနိမ့်ပိုင်းဖြစ်သော တောင်အာရှနိုင်ငံသည် ပြင်းထန်သည့် ရာသီဥတု ဖြစ်စဉ်များကို တိုးမြင့် ကြုံတွေ့နေရသည်။

ဓာတ်အားလိုင်းများ ဖြတ်တောက်ခဲ့ပြီး ပင်လယ်ကမ်းခြေ ကျေးရွာများနှင့် ကျွန်းများတွင် မိုးကြီးမှုများဖြစ်ပေါ်သော်လည်း ပျံ့နှံ့ဖြစ်ပေါ်သည့် ကြီးကြီးမားမား ထိခိုက်မှု သတင်းများ မကြားရသေးဟု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ အတွင်းဝန် ကမ်ရူလ် ဟက်ဆန်က အေအက်ဖ်ပီကို ပြောသည်။

“လူ ၂၇၃,၃၅၂ ယောက်ကို မုန်တိုင်းရှောင် စခန်းတွေဆီ ကျွန်တော်တို့ ရွှေ့ပြောင်းပေးထားပါတယ်” ဟု ဟက်ဆန်က ပြောသည်။ လူနှစ်ဦး သေဆုံးကြောင်းနှင့် တဦးသည် သစ်ပင်လဲကျခြင်းကြောင့် ပိမိသေဆုံးခြင်း ဖြစ်ပြီး နောက်တဦးသည် အဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“လူ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရလို့ ဆေးရုံတွေမှာ ကုသမှုခံယူနေရတယ်” ဟု ၎င်းက ပြောသည်။

ဟမွန်း မုန်တိုင်းသည် အောက်တိုဘာ ၂၅ ရက် အစောပိုင်းနာရီများအတွင်း စစ်တကောင်းနှင့် ကော့ဇ်ဘဇား၏ ကမ်းခြေဒေသများ၌ ကုန်းတွင်းပိုင်း ဝင်ရောက်ခဲ့ပြီး လေတိုက်နှုန်းသည် တနာရီ ၁၀၄ ကီလိုမီတာ (၆၅ မိုင်) အထိ ရှိကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနမှ ကျွမ်းကျင်ပညာရှင် မိုဟာမက် အဘူလ် ကယ်လမ် မော်လစ်ခ်က ပြောသည်။

“မုန်တိုင်းက ကုန်းတွင်းပိုင်းကို ထပ်မံ ဝင်ရောက်ပြီး တဖြည်းဖြည်း အားပျော့သွားဖွယ် ရှိပါတယ်” ဟု မော်လစ်ခ်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်၏ အရှေ့တောင်ဘက်ကမ်းရိုးတန်းသည် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြသည့်၊ ခနော်နီခနော်နဲ့ တာပေါ်လင် အမိုးအကာအိမ်များဖြင့် နေထိုင်နေကြသော ရိုဟင်ဂျာ ဒုက္ခသည်တသန်းနီးပါး ရှိရာ နေရာဖြစ်သော်လည်း ယင်းစခန်းများသည် ဆိုင်ကလုန်းမုန်တိုင်း၏ အဓိက ဖြတ်သန်းရာ လမ်းကြောင်းပေါ်တွင် ရှိမနေဟု ဟက်ဆန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly