“မိုခါ” မုန်တိုင်းပြီးနောက် ကိုယ်ဝန်ဆောင် သောင်းနှင့်ချီ ကျန်းမာရေးစောင့်ရှောက်မှုမရရှိဘဲ အခက်ကြုံနေ

By ရွှေနွယ်( မဇ္ဈိမ )
05 July 2023
“မိုခါ” မုန်တိုင်းပြီးနောက် ကိုယ်ဝန်ဆောင် သောင်းနှင့်ချီ ကျန်းမာရေးစောင့်ရှောက်မှုမရရှိဘဲ အခက်ကြုံနေ
Photo - မိုခါမုန်တိုင်းဘေးသင့်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး

ရခိုင်ပြည်နယ်အတွင်းတွင် အင်အားပြင်း “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ပြီးနောက် နေအိမ်၊ ဆေးရုံ၊ ဆေးပေးခန်းများ ပျက်စီးမှုနှင့်အတူ စီးပွားရေးကျပ်တည်းလာမှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရရှိနေသည့် ကိုယ်ဝန်ဆောင်အရေအတွက်မှာ သောင်းနှင့်ချီရှိနေသည်ဟု အရပ်ဖက်အဖွဲ့အစည်းအချို့နှင့် ရခိုင်ပြည်နယ်အတွင်းမှ အမျိုးသမီးအရေးလုပ်ကိုင်ဆောင်ရွက်နေသူများ၏ ပြောဆိုချက်အရသိရသည်။

မုန်တိုင်းကြောင့် နေအိမ်ပျက်စီးမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့သည့်အတွက် အမိုးအကာအောက် ပြန်လည်ရောက်ရှိရေးနှင့်အတူ စားဝတ်နေရေးအဆင်ပြေရန် ကြိုးပမ်းရသည်များ ရှိလာသည့်အခါ မိသားစုများမှာ ကိုယ်ဝန်ဆောင်ကျန်းမာရေးကို ဂရုမစိုက်နိုင်ကြသကဲ့သို့ ကျေးလက်ဒေသများတွင် တိုက်နယ်ဆေးရုံများ ဆေးပေးခန်းများ ပျက်စီးသွားသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများရရှိရန် အခက်အခဲများလည်းများစွာရှိနေကြောင်း သိရသည်။

“နယ်တွေရွာတွေဘက်ကတော့ ကိုယ်ဝန်ဆောင်သည်တွေ ဓာတ်မှန်ရိုက်တာ မွေးဖွားတာတွေက နီးစပ်ရာမြို့ကြီးတွေက ဆေးရုံကြီးတွေကို လာကြရတယ်လေ၊ စစ်တွေတို့ ကျောက်တော်တို့လိုမျိုး မြို့တွေဆီကိိုပေါ့။ အခုကျ စီးပွားကျပ်တည်းသွားကြတယ်။ စားဝတ်နေရေးအဆင်ပြေဖို့နဲ့ အမိုးအကာအောက်ပြန်ရောက်ဖို့ အိမ်ပြန်ဆောက်နိုင်ဖို့ကို မိသားစုတိုင်းက ဦးတည်နေကြရတယ်။ ဆိုတော့ အခုလာစရာ စရိတ်မရှိလို့ မလာနိုင်ကြတော့တာတွေလည်း အများကြီးရှိတယ်။ တိုက်နယ်ဆေးရုံတွေလည်း ပျက်စီးသွားတာတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ဘယ်ကမှမလာကြတဲ့အတွက် အရပ်လက်သည်တွေနဲ့ ဖြစ်သလိုမွေးလိုက်ကြရတာတွေလည်း ရှိတယ်” ဟု စစ်တွေမြို့မှ အရပ်ဖက်အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် မေလ ၁၄ ရက်နေ့က အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီးနောက် မုန်တိုင်းကြောင့် ဘေးဒုက္ခရောက်ရှိရသူများအထဲတွင် အမျိုးသမီး သောင်းနှင့်ချီပါဝင်နေပြီး ထိုအထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၀,၇၀၀ ခန့်ပါဝင်နေကြောင်း ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)က ရေးသားထုတ်ပြန်ထားသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဘေးကင်းစွာ မီးဖွားနိုင်ရန် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေပြီး ပံ့ပိုးကူညီမှုများလိုအပ်နေကြောင်းကိုလည်း UNFPAက အသိပေးထားသည်။

ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့( UNFPA )သည် မြန်မာနိုင်ငံအတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပံ့ပိုးကူညီနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

"ကုလသမဂ္ဂပြောတဲ့ ၂၀,၀၀၀ ကျော်ဆိုတာ မုန်တိုင်းသင့်သွားတဲ့ ရခိုင်တစ်ပြည်လုံးအနေနဲ့ဆိုရင် ဒီအရေအတွက်ဟာ ဟုတ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေပါပါတယ် ဒီအရေအတွက်ထဲမှာ။ ကျွန်မတို့သိထားသလောက်ဆိုရင် ပေါက်တောမြို့နယ်ထဲမှာ အရပ်လက်သည်နဲ့မွေးရင်း ကျန်းမာရေးစောင့်ရှောက်မှုမရရှိတဲ့အတွက် ကလေးသေဆုံးသွားသူကိုယ်ဝန်ဆောင်မိခင်သည် တစ်ဦးရှိပါတယ်။ ကိုယ်ဝန်ဆောင်တစ်ဦး ချော်လဲပြီး ဆေးရုံကို အချိန်မီမလာနိုင်ခဲ့တဲ့အတွက် ကလေးရောမိခင်ရောသေဆုံးသူ တစ်ဦးရှိပါတယ်” ဟု ရခိုင်ပြည်နယ်အတွင်းမှ အမျိုးသမီးအရေးလုပ်ကိုင်ဆောင်ရွက်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ကိုယ်ဝန်ဆောင်သည်အချို့မှာ အမျိုးသားဖြစ်သူနှင့် မိသားစုဝင်များက နေအိမ်ပြန်လည်ထူထောင်ရေးနှင့် စားဝတ်နေရေး နပ်မှန်စေရန် ကြိုးပမ်းနေကြရသည့်အတွက် ဂရုမစိုက်နိုင်သည်များရှိသကဲ့သို့ မိမိကိုယ်တိုင်လည်း မုန်တိုင်းဘေးဒုက္ခအတွင်း ကိုယ်ဝန်ဆောင်သည်မှန်းပင် မေ့လျော့နေကြသူများလည်းရှိနေကြသည်ဟု အဆိုပါ အမျိုးသမီးမှပြောသည်။

“လက်ရှိကတော့ စစ်အစိုးရကလည်း ဘာမှထိထိရောက်ရောက်ကူညီနေတာမရှိဘူးရှင်။ ကျန်းမာရေးစောင့်ရှောက်မှုကိုမဆိုထားနဲ့ ထမင်းနပ်မှန်ဖို့နဲ့ အမိုးအကာအောက်ပြန်ရောက်ဖို့ကိုတောင် မနည်းကြီးကြိုးပမ်းနေကြရတာဆိုတော့ အင်မတန်မှကို ခက်ခဲနေကြဆဲပါ” ဟု ဆိုသည်။

ရခိုင်ပြည်အတွင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများသာမက မုန်တိုင်းသင့်ပြည်သူအားလုံး ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်ရန် လိုအပ်နေဆဲဖြစ်သည်ဟု သိရသည်။

"လက်ရှိကတော့ အမိုးအကာအောက် ပြန်ရောက်တဲ့အရေအတွက်က ၉၀ ရာနှုန်းလို့ပြောရမယ်။ ကူညီသူရှိလို့တွေ့လို့ မိုးပေးတဲ့အိမ်လည်းရှိသလို ဘယ်အကူအညီမှမရသူတွေလည်း နေမဖြစ်တော့ ကိုယ့်ဘာသာ မဖြစ်ဖြစ်အောင် မိုးလိုက်ကြရတယ်။ အရင်က သွပ်မိုးအိမ်ကျယ်ဆို အခုတော့ တာလပတ်မိုး ၁၀ ပေ ဝန်းကျင် ပေ၂၀ ဝန်းကျင်ပေါ့ဗျာ။ ဒီအခက်အခဲတွေကြားကနေ မြို့ပေါ် ဆေးရုံကိုလာဖို့ဆိုတာ လမ်းစရိတ်တတ်နိုင်ဖို့မလွယ်တော့ဘူး ဆိုတော့ ကျန်းမာရေးအတွက် ကိုယ့်အရပ် ကိုယ့်ရွာမှာပဲ ဖြစ်သလို လုပ်ကိုင်လိုက်ကြရတယ်ပေါ့" ဟု စစ်တွေမြို့မှ အရပ်ဖက်အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

၎င်းတို့ကူညီပေးကာ ၎င်းတို့၏ ကူညီရေးကားများပေါ်တွင်ပင် မီးဖွားခဲ့ရသည့် ကိုယ်ဝန်ဆောင်သည်များလည်းရှိကြောင်း ပြောသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့် မေလ ၁၄ရက်ညနေတွင်  စစ်တွေနှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ပြီး  ရခိုင်ကမ်းရိုးတန်းကို ပြင်းအား တစ်နာရီလေတိုက်နှုန်း မိုင် ၁၃၀ ခန့်ဖြင့် ဝင်ရောက်ခဲ့သည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း  လူ ၁၂သိန်းကျော် ဘေးသင့်ခဲ့ပြီး နေအိမ် နှစ်သိန်းကျော် ပျက်စီးခဲ့သည်ဟု  ရက္ခိုင့်တပ်တော်(AA) က ထုတ်ပြန်ထားသည်။

မုန်တိုင်းကြောင့်  သေဆုံးသူ ၁၄၆ ဦး၊ ဒဏ်ရာရရှိသူ ၁၀ ဦးနှင့်ပျောက်ဆုံးသူ သုံးဦးရှိကြောင်း AAက ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly