စစ်တွေတွင် စက်လှေ တိမ်းမှောက်မှုကြောင့် လူ ၁၇ ဦး သေဆုံး

စစ်တွေတွင် စက်လှေ တိမ်းမှောက်မှုကြောင့် လူ ၁၇ ဦး သေဆုံး
In this photograph taken on Oct 9, 2020, fishermen rest on a fishing boat at Inani beach, a boarding point of Rohingya refugees migrating to Malaysia by boat. (Photo: AFP/Munir Uz Zaman)

ရခိုင်ပြည်နယ်မှ ထွက်လာသော ရိုဟင်ဂျာဒုက္ခသည်များကို တင်ဆောင်ထားသည့် စက်လှေတစ်စင်းသည် ယခုသီတင်းပတ်အတွင်း ပင်လယ်ပြင်၌ တိမ်းမှောက်ရာမှ လူ ၁၇ ဦး အနည်းဆုံး သေဆုံးကြောင်း ကယ်ဆယ်ရေးသမားများက ဩဂုတ် ၉ ရက်တွင် ပြောသည်။

ရိုဟင်ဂျာများသည် နှစ်စဉ်နှစ်တိုင်းပင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ရှိ ဒုက္ခသည်စခန်းများမှ မွတ်စလင်အများစုဖြစ်သော မလေးရှားနှင့် အင်ဒိုနီးရှားသို့ ရောက်ရှိရန် အန္တရာယ်များသော ပင်လယ်ခရီးကို ဖြတ်သန်းသွားရောက်ကြသည်။

မလေးရှားသို့ ဦးတည်သော အဆိုပါ စက်လှေတွင် လူ ၅၀ ထက် ပါရှိနိုင်ပြီး တနင်္ဂနွေညက လှိုင်းထန်သော ပင်လယ်ပြင်တွင် ဒုက္ခကြုံခြင်း ဖြစ်ကြောင်း စစ်တွေရှိ ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းမှ ကိုဗလက ပြောသည်။

“မနေ့ကထိတော့ ရုပ်အလောင်း ၁၇ လောင်း တွေ့ရှိထားတယ်”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

“အသက်ရှင်လျက် ရှစ်ဦးကို ကျွန်တော်တို့ တွေ့ရှိတယ်၊ သူတို့ကို စစ်ဆေးမေးမြန်းဖို့ ရဲက ခေါ်ဆောင်သွားတယ်”ဟု ၎င်းက ဆိုသည်။

စက်လှေပေါ် ပါရှိသူ အရေအတွက်ကို အတိအကျ မသိရသော်လည်း ကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်ရေးကို ဆက်လက်ဆောင်ရွက်နေကြောင်း ကိုဗလက ပြောသည်။

ဗုဒ္ဓဘာသာ အများစု မြန်မာနိုင်ငံက ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ ၆၀၀,၀၀၀ နီးပါး နေထိုင်ပြီး ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်သူများအဖြစ် ရှုမြင်ကာ နိုင်ငံသားဖြစ်ခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်တို့ကို ငြင်းပယ်ထားသည်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ ဖြိုခွင်းမှုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းနှင့် အဓမ္မ ပြုကျင့်ခြင်းများကြောင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၇၅၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required