မုံးကိုးမြို့ကို အလုံးစုံထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား ပြန်စနိုင်ရန် MNDAA ကြိုးပမ်း

By ဂျူချန်း(မဇ္ဈိမ)
08 November 2023
မုံးကိုးမြို့ကို အလုံးစုံထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား ပြန်စနိုင်ရန် MNDAA ကြိုးပမ်း
ပုံအညွှန်း-နိုဝင်ဘာ ၇ ရက်နေ့တွင် မြင်တွေ့ရသည့် မုံကိုးနယ်စပ်ဂိတ်ရှိ MNDAA တပ်သားများ (The Kokang)

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုးမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရား ပြန် လည်ပတ်နိုင်ရန် နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော်(MNDAA)က ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

“မုံးကိုးမြို့ကိုတော့ ထိန်းနိုင်လိုက်ပြီဗျ” ဟု MNDAA ပြောခွင့်ရ လီကျားဝင်းကလည်း မဇ္ဈိမကို အတည်ပြု သည်။

မုံးကိုးမြို့ကို နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး မြို့အတွင်းရှိ ပြည်သူ့စစ်များ အားလုံးထွက်ပြေးသွားသဖြင့် မြို့တခုလုံးကိုရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံအညွှန်း-နိုဝင်ဘာ ၇ ရက်နေ့တွင် မြင်တွေ့ရသည့် မုံကိုးနယ်စပ်ဂိတ်ရှိ MNDAA တပ်သားများ (The Kokang)

မုံးကိုးဒေသရှိ စစ်ကောင်စီတပ်စခန်းနှင့် ဗျူဟာကုန်းများကို MNDAA ၊ AA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့ က နိုဝင်ဘာလ ၅ ရက်နေ့မှစတင်ကာ တိုက်ခိုက်ခဲ့ပြီး ပန်လုံဗျူဟာကုန်းနှင့် မုံကိုးဗျူဟာစခန်းကုန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

မုံးကိုးဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ EE-9 အမျိုးအစား သံချပ်ကားတစီး ထပ်မံရရှိ ခဲ့ပြီး စစ်ကောင်စီထံမှသံချပ်ကားခုနစ်စီးရရှိထားကြောင်း MNDAA ပြောခွင့်ရ လီကျားဝင်း ထံမှ သိရသည်။

စစ်တက္ကသိုလ် အပတ်စဉ်(၄၁)ကျောင်းဆင်း တပ်မမှူးတဦးလည်း မုံးကိုးတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း MNDAA မှ ထုတ်ပြန်ထားသည်။ အဆိုပါတပ်မမှူးသည် မိတ္ထီလာမြို့အခြေစိုက် တပ်မ(၉၉)၏ တပ်မမှူး ဗိုလ်မှူးချုပ်-ဗိုလ်မှူးကြီး အောင်ကျော်လွင်ဖြစ်ကြောင်း သိရသည်။

ပုံအညွှန်း-နိုဝင်ဘာ ၇ ရက်နေ့တွင် မြင်တွေ့ရသည့် မုံကိုးနယ်စပ်ဂိတ်ရှိ MNDAA တပ်သားများ (The Kokang)

စစ်ဆင်ရေးစသည့်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိ ၁၃ ရက်အတွင်း စစ်ကောင်စီ၏တပ်စခန်း စုစုပေါင်း ၁၂၅ ခုကို MNDAA နှင့် AA ဦးဆောင်သည့်အဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ထားကြောင်း တိုက်ပွဲသတင်းထုတ် ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း) နှင့် သိန္နီမြို့တို့ကို MNDAA မှ ထိန်းချုပ်ထားပြီး လက်ရှိတွင်မုံးကိုးမြို့ကိုပါ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required