လွိုင်ကော်မြို့သွားသည့် လမ်းပိုင်းများကို အသုံးမပြုရန် KNDF ထုတ်ပြန်

By ဂျူချန်း(မဇ္ဈိမ)
11 November 2023
လွိုင်ကော်မြို့သွားသည့် လမ်းပိုင်းများကို အသုံးမပြုရန် KNDF ထုတ်ပြန်
ဓါတ်ပုံ- KNDF

ကရင်နီပြည်နယ်အတွင်း လွိုင်ကော်မြို့သို့ ဆက်သွယ်ထားသည့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-ဆီဆိုင် နှင့် လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းသုံးခုကို သွားလာခြင်းမလုပ်ကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။
 
လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တွင် ယနေ့ နံနက်အစောပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့များရှိရာ နေရာများသို့ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ယနေ့ နေ့ခင်း ၂ နာရီခန့်တွင်လည်း စစ်ကောင်စီမှ လွိုင်ကော်မြို့နယ်၊ ဘုရားဖြူကျေးရွာဘက်တွင် လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ် ကြဲချသွားကြောင်း ဒေသခံများထံမှ သိရသည်။

“အခုလည်း ထပ်ဝဲနေတယ်။ လက်နက်အကြီးအသေး အကုန်ပစ်ခတ်နေသေးတယ်၊ မငြိမ်သေးဘူး၊  စောစောက ကြဲတယ် ၊ခုလည်း ပြောနေတုန်း ထပ်ကြဲသွားပြီ။ ကြဲချတဲ့အသံကို အတိုင်းသား ကြားနေရတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် နှစ်ဖက်ပစ်ခတ်မှုများနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် လွိုင်ကော်မြို့တွင်း ထိခိုက်ဒဏ်ရာရသူများရှိပြီး တိုက်ပွဲဆက်လက်ပြင်းထန်ဆဲဖြစ်သဖြင့် အသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။

လက်ရှိတွင် လွိုင်ကော်မြို့အနီးဝန်းကျင်နှင့် လွိုင်ကော်ကို ဗဟိုပြုဆက်သွယ်ထားသည့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲ၊ လွိုင်ကော်-ဆီဆိုင် လမ်းပိုင်းများတွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း၊ မလိုအပ်ဘဲ နေအိမ်ပြင်ပထွက်၍ သွားလာခြင်းနှင့် စစ်ရေးသတင်းများကို ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားခြင်းများ မလုပ်ဆောင်ကြရန် KNDF မှတိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required