ပတ်လည်အင်းရွာက စကစတပ်စခန်းကို PDF တိုက်ခိုက်၊ ၁၀ ဦးသေပြီး သုံ့ပန်း ၁ ဦး ဖမ်းမိ

By 007(မဇ္ဈိမ)
18 November 2023
ပတ်လည်အင်းရွာက စကစတပ်စခန်းကို PDF တိုက်ခိုက်၊ ၁၀ ဦးသေပြီး သုံ့ပန်း ၁ ဦး ဖမ်းမိ
ပုံညွှန်း- ပတ်လည်အင်းတိုက်ပွဲတွင်ရရှိခဲ့သည့် လက်နက်ခဲယမ်းများ (Photo/အမှတ်(၁)စစ်ဒေသရုံး)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ၁၀ ဦး သေဆုံးပြီး ရဲတဦးကို အရှင်ဖမ်းမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ ရုံးက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ပတ်လည်အင်းကျေးရွာရှိ ဗိုလ်ကြီးကျော်ဟိန်း ဦးစီးသော စစ်ကောင်စီတပ်နှင့် ရဲအင်အား၅၀ ခန့် အခြေချနေသည့် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ စဉ့်ကူးမြို့နယ် ပကဖနှင့် မတ္တရာမြို့နယ် ပကဖတို့က  နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရကာ စစ်သုံ့ပန်း ရဲတဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။  

ထို့ပြင် သေနတ် သုံးလက်၊ ကျည် ၄၉ တောင့်၊ ကျည်အိမ် ခုနစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

တိုက်ပွဲအခြေအနေ အသေးစိတ် သိရှိနိုင်ရန် အမှတ် (၁) စစ်ဒေသရုံးကို မဇ္ဈိမက ဆက်သွယ်ထားသော်လည်း အဆက်သွယ်မရသေးပေ။

တိုက်ပွဲဖြစ်ပွားသည့် ပတ်လည်အင်းကျေးရွာသို့ စစ်ကူလာသော အင်ကြင်းမြိုင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ လေကြောင်းရန် ကာကွယ်ရေးတပ် (ကလတ-၁၀၁၄) တပ် စစ်ကြောင်းသည် လမ်းခုလတ်တွင် အရပ်သား ၁၁ ဦးကို သတ်ဖြတ်ခဲ့သည်။

ထိုစစ်ကြောင်းသည် မတ္တရာမြို့နယ် အောင်ကံသာ ကျေးရွာက “အားသစ်” လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော အမျိုးသမီး တဦးနှင့် အမျိုးသား ၁၀ ဦးကို ပစ်သတ်သွားခြင်းဖြစ်ကြောင်း အမှတ် (၁)စစ်ဒေသရုံးက ထုတ်ပြန်ထားသည်။

ထို့အပြင် ပွဲစားကုန်းကျေးရွာက အရပ်သားတဦးကိုလည်း သတ်ဖြတ်သွားပြီး ပတ်လည်အင်းကျေးရွာက လူနေအိမ် ကိုးလုံးကို မီးရှို့သွားကြောင်း ဆိုသည်။

လက်ရှိတွင် မတ္တရာမြို့နယ်အရှေ့ခြမ်းကျေးရွာများ လျှပ်စစ်မီးနှင့် အင်တာနက်ပြတ်တောက်မှုများဖြစ်နေပြီး ဒေသတွင်းမှာလည်း နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း အမည်မဖော်လိုသည့် မတ္တရာမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

“မတ္တရာအရှေ့ဘက်မှာ ပွဲကြမ်းနေတယ်၊ မီးနဲ့အင်တာနက်လိုင်းတွေလည်း ဖြတ်ထားတယ်၊ မတ္တရာမြို့ထဲတော့ အဆက်အသွယ်ရနေသေးတယ်” ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊  PDF ၊ ဒေသအခြေစိုက်ပူးပေါင်းတပ်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required