မြင်းခြံမြို့တွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်ဆွဲခံရ ၄ ဦးသေဆုံး

By 008 (မဇ္ဈိမ)
23 November 2023
မြင်းခြံမြို့တွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်ဆွဲခံရ ၄ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေဆုံးကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးနှင့် ပျူစောထီး ၁၀ဦးခန့်ရှိသည့် ကိုင်းကျေးရွာ အထိုင်စခန်းကို အင်အားဖြည့်တင်းရန် ရန္တပိုကျေးရွာမှ ထွက်လာသည့် အင်အား၂၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၂၂ရက်၊ မွန်းလွဲ ၁နာရီခန့်တွင် မိုင်းဆွဲတိုက်ခဲ့ခြင်းဖြစ်သည်။

"စခ (စစ်ကောင်စီတပ်သား) လေးကောင်သေတယ်။ သေတဲ့အလောင်းတွေကို ကားတစီးနဲ့ ကျားတိုင်ရွာဘက်ကို တင်သွားတယ်။ ကိုင်းကျေးရွာ စခန်းဘက်ကို စခတွေ ဖောက်မဝင်နိုင်ဘဲ ပြန်ဆုတ်သွားကြတယ်။"ဟု နောင်ရိုး အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် (၆) တပ်ရင်း၊ တပ်ခွဲ (၁) နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့နှင့် မြင်းခြံခရိုင်အမှတ် (၂) တပ်ရင်း၊Taloke - PDF၊ Myingyan MP - 9၊ ရွှေဂျိုးဖြူမဟာမိတ်အဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကိုင်းကျေးရွာ စစ်ကောင်စီတပ်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ငါးရက်ခန့်ကလည်း ဝင်ရောက်တိုက်ခိုက်ထားကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly