ဂြိုဟ်တုအင်တာနက်ကို လိုင်စင်မရှိဘဲ သုံးပါကာ တရားစွဲမည်ဟု စစ်ကောင်စီဆို

By 001 (မဇ္စျိမ)
23 November 2023
ဂြိုဟ်တုအင်တာနက်ကို လိုင်စင်မရှိဘဲ သုံးပါကာ တရားစွဲမည်ဟု စစ်ကောင်စီဆို

ဂြိုဟ်တုအင်တာနက် ၊ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများ၊ ရေဒါနှင့် ရေဒီယို ဆက်သွယ်ရေးပစ္စည်းများအား လိုင်စင်မရှိဘဲ အသုံးပြုပါက တရားစွဲမည်ဟု စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၂ ရက်နေ့ ညပိုင်းတွင် ကြေညာသည်။

ယခုအခါ နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုများကို တရားမဝင်ဆောင်ရွက်နေပြီး သုံးစွဲသူများအနေဖြင့်လည်း တရားမဝင် ရယူသုံးစွဲနေကြောင်း တွေ့ရှိရသည်ဟု စစ်ကောင်စီက ဆိုသည်။

ယင်း ပစ္စည်းများနှင့် ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို လိုင်စင်မရှိဘဲ ဝန်ဆောင်မှုပေးခြင်း၊ တပ်ဆင်အသုံးပြုခြင်း၊ လက်ဝယ်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့်အညီ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

အဆိုပါ ပစ္စည်းများကို မည်သည့်နေရာများနှင့် မည်သည့်အဖွဲ့အစည်းများတွင် အသုံးပြုနေကြောင်း စစ်ကောင်စီက ထည့်သွင်းထုတ်ပြန်ခြင်းမရှိပေ။

 သို့သော် လက်ရှိ စစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်ခံထားရသည့် နေရာအချို့တွင် Starlink ဂြိုဟ်တုအင်တာနက် အသုံးပြုမှုများရှိသကဲ့သို့ တော်လှန်ရေးနယ်မြေများတွင် ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ အသုံးပြုမှုများလည်းရှိသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာ ပ.က.ဖ ခေါင်းဆောင်ကိုလင်းက “ သူတို့ ဘယ်လောက်ပဲထိန်းချုပ် ထိန်းချုပ်ပါ။ ဒီဟာတွေကို သူတို့ မသုံးစွဲရပြောလည်း လက်ထဲမှာတောင် ခေတ်မီလက်နက်တွေ တဖြည်းဖြည်းရောက်လာပြီဆိုတော့ အဲ့တာတွေလောက်က သူတို့ ဘယ်လောက်ပဲ တားတားလုပ်လို့ရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ကတော့ သူတို့ဘယ်လောက်ပဲတားတား မရပါဘူး။ သူတို့ကြေညာလည်း ကျွန်တော်တို့ဘက်မှာ ဘာအခက်အခဲမှ မရှိဘူး”ဟု ဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တရားမဝင်တင်သွင်းလာသည့် ဆက်သွယ်ရေးကိရိယာများ အသုံးပြုသည်ဟု စွပ်စွဲကာ အဆိုပါ ဆက်သွယ်ရေးပုဒ်မ ၆၇ ဖြင့်ပင် တရားစွဲဆိုခဲ့ဖူးသည်။

လက်ရှိ စစ်ကောင်စီက ခြိမ်းခြောက်ထားသည့် ဆက်သွယ်ရေးဥပ​ဒေပုဒ်မ ၆၇ မှာ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် တနှစ်ချမှတ်နိုင်သည့် ပုဒ်မ တခုဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required