အတ္ထရံတံတား ဖျက်ဆီးခံလိုက်ရ၍ သွားလာရေး ခက်ခဲဟုဆို

By YT(မဇ္ဈိမ)
18 November 2023
အတ္ထရံတံတား ဖျက်ဆီးခံလိုက်ရ၍ သွားလာရေး ခက်ခဲဟုဆို
ပုံအညွှန်း- အတ္ထရံတံတား (ချောင်းနှစ်ခွ) ပုံမှန်အချိန်နှင့် ဖြတ်တောက်ခံရပြီးနောက် မြင်ကွင်း။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အား ဆက်သွယ်ထားသည့် အတ္ထရံတံတား (ချောင်းနှစ်ခွ)သည် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ဖျက်ဆီးခံလိုက်ရ၍ ကျိုးကျပျက်စီးသွားသဖြင့် ဒေသခံများ သွားရေးလာရေး အခက်အခဲများ ကြုံနေရကြောင်း သိရသည်။

အတ္ထရံတံတား (ချောင်းနှစ်ခွ)သည် ဘုရားဆုံးဆူ- ကြာအင်းဆိပ်ကြီး- ကျိုက်မရော- မုဒုံ- မော်လမြိုင် လမ်းကြောင်းပေါ်တွင် တည်ရှိပြီး  တံတားအရှည် ၅၄၈ ပေနှင့် တံတားအကျယ် ၂၄ ပေရှိသည့် ကွန်ကရစ်တံတားအမျိုးအစား တံတားဖြစ်သည်။

"တံတားကျိုးသွားတော့ တံတားကနေလည်း သွားလို့မရတော့ဘူး။ တကယ်လို့အရေးပေါ်ဖြစ်လာလို့ရှိရင်တော့ ကျွန်တော်တို့ ဟိုဘက် တခြားလမ်း စပါယ်ဂူ ကျိုက်မရောလမ်းဘက်ကနေ ပတ်သွားမှ ရမယ်" ဟု ဒေသတွင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

အတ္ထရံတံတား (ချောင်းနှစ်ခွ) ထိပ်ရှိ တပ်စခန်းမှစစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများကြား နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ လေးရက်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့က အတ္ထရံတံတားကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည့် ငါးရက်မြောက်နေ့တွင် အတ္ထရံတံတား(ချောင်းနှစ်ခွ) ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတံတား ဖျက်ဆီးခံလိုက်ရခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က KNU၊ PDF များက မိုင်းခွဲဖျက်ဆီးလိုက်သည်ဟုလည်းကောင်း၊ တော်လှန်ရေးအင်အားစုဘက်ကလည်း စစ်ကောင်စီတပ်၏ လေကြောင်းမှ ကြဲသည့် ဗုံးသီးကျရောက်ပေါက်ကွဲ၍ ကျိုးကျသွားသည်ဟု လည်းကောင်း အသီးသီးပြောဆိုနေကြသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ချောင်းနှစ်ခွကျေးရွာနှင့် အနီးတဝိုက် ဒေသများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများအကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ချောင်းနှစ်ခွကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံများ ဘုန်းကြီးကျောင်းများနှင့် တောစပ်များတွင် တိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသူထံက သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။      ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required