ရေးမြို့နယ်တိုက်ပွဲတွင် ဗိုလ်ကြီး၂ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၄၀ နီးပါး သေဆုံးမှုရှိ၊ လက်နက်များသိမ်းဆည်း

By ဂျူချန်း(မဇ္ဈိမ)
21 October 2023
ရေးမြို့နယ်တိုက်ပွဲတွင် ဗိုလ်ကြီး၂ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၄၀ နီးပါး သေဆုံးမှုရှိ၊ လက်နက်များသိမ်းဆည်း

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီး ဗိုလ်ကြီးနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဒေါနစစ်ကြောင်းက ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“ဒီတိုက်ပွဲကတော့ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဖြစ်ခဲ့သမျှတွေမှာ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဘာလို့ဆိုရင် ရန်သူဆီက ကြီးကြီးမားမား သိမ်းဆည်းနိုင်ခဲ့လို့ပါ” ဟု တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ရေးပြောက်ကျားတပ်ဖွဲ့(YGF) ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောခေတ်သစ်က မဇ္ဈိမကိုပြောသည်။

အောက်တိုဘာ ၂၀ ရက်နေ့ နံနက် ၆နာရီ ၄၅ ခန့်တွင် ရေးတံတားကြီး၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တနာရီခန့် ဖြစ်ပွားပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ဦးခန့် သေဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း ဒေါနစစ်ကြောင်းမှ သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုအပြီး တပ်ပြန်ဆုတ်လာသည့် ကာကွယ်ရေး ပူးပေါင်းအဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့က ကျုံလောင်းရွာဟောင်းအနီး၌ ချုံခိုတိုက်ခိုက်ရာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ ခလရ(၁၀၆) မှ ဗိုလ်ကြီးနှစ်ဦး အပါအဝင် ၂၇ ဦးခန့် သေဆုံးကာ သုံးဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။

“အပြန်မှာ။ ၈နာရီကနေ ၁၀နာရီလောက်အထိ တိုက်ပွဲဖြစ်တယ်။ အဲ့ဒီတိုက်ပွဲမှာ ဗိုလ်ကြီးနှစ်ယောက်အပါအဝင် စစ်သား ၂၇ ယောက်လောက်ကျဆုံးတယ်။ ရန်သူ့လက်နက် ၁၃ လက် သိမ်းဆည်းမိတယ်။ လက်နက်၊ခဲယမ်းမီးကျောက်၊မိုင်းတွေပါ။ ကျနော်တို့ အောင်မြင်တဲ့ တိုက်ပွဲကြီးလို့ ပြောလို့ရတယ်။ ရန်သူ့အလောင်းတွေလည်း ပြန့်ကျဲနေခဲ့တယ်” ဟု MSRF တာဝန်ခံ နိုင်နဂါးက မဇ္ဈိမကိုပြောသည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကို စစ်ကောင်စီတပ်က ကားသုံးစီးဖြင့် သယ်ဆောင်သွားသည်ဟု သတင်းရရှိကြောင်း ဒေါနစစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသည်ဆိုသည့် ခလရ(၁၀၆) မှ ဗိုလ်ကြီးနှစ်ဦးအပါအဝင် သေဆုံးသူများစာရင်းနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်နိုင်ခြင်းမရှိသေးပေ။

ထိုနေ့တိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ သုံးဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။ ပြင်းထန်ဒဏ်ရာရရှိထားသည့် ရဲဘော်များအနက် တဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့်အနေအထားတွင်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

ယင်းတိုက်ပွဲတွင် ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ABSDF တပ်ရင်း(၁) နှင့် ဒေါနစစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ RPG တလက်၊ MA 3 နှစ်လက်၊ MA1 လေးလက်၊ MA4 တလက်၊ MA2 နှစ်လက်၊ ပစ္စတို သေနတ် နှစ်လက်၊ ၆၀ မမ စိန်ပြောင်းအတို တ လက်၊ ၄၀ မမဗုံးသီး၂၄ လုံး၊ RPG ဗုံးသီး  ငါး တောင့်၊ RPG ပို့ယမ်း လေးတောင့်၊ အီနာဂါဗုံးသီး  ၁၉ တောင့်၊ လက်ပစ်ဗုံး လေးလုံး၊ ရှေ့ထွက်မိုင်း တ လုံး၊ နင်းမိုင်း လေးလုံး၊ 5.56 ကျည်ဘောက် ၃၄ ခု၊ 5.56 ကျည် ၁၃၆၇ တောင့်၊ လက်ကိုင်ဖုန်း ခုနှစ် လုံး၊ ဆက်သွယ်ရေးစက် နှစ်ခု အပါအဝင် အခြား ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း ရေးမြို့နယ် ၊ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အား ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ပုံအညွှန်း-သိမ်းဆည်းရရှိသည့် လက်နက်များ
ဓါတ်ပုံ- ဒေါနစစ်ကြောင်း

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly