မွန်ပြည်နယ် မြို့နယ်အချို့ စက်သုံးဆီ ပြတ်လပ်

By YT(မဇ္ဈိမ)
15 November 2023
မွန်ပြည်နယ် မြို့နယ်အချို့ စက်သုံးဆီ ပြတ်လပ်
ပုံအညွှန်း- ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့၊ မော်လမြိုင်မြို့ရှိ ဖိုးလပြည့်ဆီဆိုင်တွင် ဆီဝယ်ရန် တန်းစီနေကြသည့် မြင်ကွင်း (ဓါတ်ပုံ- Crd)

မွန်ပြည်နယ်၊ မြို့နယ်အချို့ရှိ ဆီဆိုင်များတွင် ဓာတ်ဆီ 92၊ 95 များ ပြတ်လပ်မှုဖြစ်ပွား၍ ဝယ်ယူရခက်ခဲလာပြီး ဆီဈေးလည်း ပုံမှန်ထက် တက်လာကြောင်း ဒေသခံများထံက သိရသည်။

" ညက တညလုံး လိုက်ရှာဝယ်တာ မရဘူး၊ ရတဲ့ဆိုင်ကျတော့လည်း တန်းစီရတာ အကြာကြီး၊ ရတဲ့ဆိုင်ကလည်း ရှားတယ်။ 95 တလီတာကို ၂,၃၀၀၊ အဲ့ဒါနဲ့ မထည့်ဖြစ်တော့ဘူး"  ဟု မော်လမြိုင်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းမှ စ၍ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်၊ မုဒုံ စသည့်မြို့နယ်များရှိ စက်သုံးဆီဆိုင်
အများစုတွင် ဓာတ်ဆီ 92၊ 95 ပြတ်လပ်မှုဖြစ်ပွားနေ၍ အရောင်းပိတ်ထားကြကာ ဆီရောင်းချပေးသော ဆီဆိုင်များသည်လည်း ပုံမှန်ထက် ဈေးတင်၍ ရောင်းချနေကြကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့၊ ညနေ ၃ နာရီမေးမြန်းချက်အရ မွန်ပြည်နယ်ရှိ အထက်ပါမြိို့နယ်များတွင် 92 ဓာတ်ဆီ တလီတာလျှင် ၂,၃၀၀ မှ ၃,၀၀၀ ကျပ်အထိ ပေးဝယ်နေကြရပြီး လိုချင်သလောက် ဝယ်ယူ၍ မရကြောင်း သိရသည်။

" ဆီပြတ်တာ ရှယ်ကိုပြတ်တာပေါ့၊ တချို့ဆို ဆိုင်တောင် ပိတ်ထားတယ်။ ဦးလေးတောင် လိုက်ဝယ်ရတာ ရေသန့်ဘူး တဗူးကို ၃,၀၀၀ ပေးဝယ်ရတယ်။  ဒီညနေတော့ Denko ကို ဆီကားရောက်လာပြီ၊ တန်းစီရတာပေါ့။ တယောက်ကို ၃,၀၀၀ ဖိုးပဲ ပိုမရောင်းဘူး၊ သုံးဘီးဆိုရင်တော့ ၁၀,၀၀၀ ဖိုးရောင်းပေးတယ်" ဟု ကျိုက်ထိုမြို့နယ်မှ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ယခုကဲ့သို့ စက်သုံးဆီ ပြတ်လပ်မှုများကြောင့် ဆိုင်ကယ်ကယ်ရီမောင်းသူများအပါအဝင် ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်ဘဝ စားရေးသောက်ရေးအတွက် ခက်ခဲလာကြောင်း သိရသည်။

" မနေ့ကတည်းက လည်နေတာ Taxi တောင် သွားစရာမရှိဘူး၊ ဆီဝယ်လို့မရလို့၊ ဒီနေ့တော့ တန်းစီဝယ်ထားရပြီိးပြီ Taxi သွားလို့တော့ ရပြီ။ ပေါပေါသီသီတော့ မရှိကြတော့ဘူး။ ဘယ်လိုလုပ်ကြမလဲလို့ ၃,၀၀၀ ဆိုမှတော့ Taxi ခတွေလည်း တက်ပြီပေါ့၊ အကုန်လုံး ဒုက္ခရောက်ကုန်တာပေါ့" ဟု ဆိုင်ကယ် ကယ်ရီမောင်းသူတဦးက မဇ္ဈိမကိုပြောသည်။

မွန်ပြည်နယ်၌သာမက ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်အချို့တွင်လည်း စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required