သထုံမြို့နယ်တွင် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးရဟု စစ်ကောင်စီကန့်သတ်

By YT(မဇ္ဈိမ)
08 October 2023
သထုံမြို့နယ်တွင် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးရဟု စစ်ကောင်စီကန့်သတ်
ပုံအညွှန်း-  သထုံမြို့လယ် အဝိုင်းနေရာအား တွေ့ရစဉ် (ဓါတ်ပုံ- ဝီကီပီဒီးယား (ပုံဟောင်း) )

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အောက်တိုဘာလ ၇ ရက်နေ့မှစ၍ ဆိုင်ကယ်တစီးတွင် အမျိုးသား နှစ်ဦး အတူလိုက်ပါစီးနင်းခြင်းမပြုရန် စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရ သည်။

အောက်တိုဘာလ ၃ ရက်နေ့က သထုံမြို့နယ်၊ ကြာပန်းကျေးရွာမှ စစ်ကောင်စီတပ်၏ အငြိမ်စား ဗိုလ်ကြီး  ဝင်းနောင်ဆိုသူအား သထုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ဖြင့် လာရောက်၍ ပစ်ခတ်မှုကြောင့် နေရာ၌ပင် သေဆုံးခဲ့သည်။

အဆိုပါဖြစ်ရပ်အပြီးနောက် အောက်တိုဘာလ ၇ ရက်နေ့က သထုံမြို့ပေါ်  မင်းလမ်းမကြီးတလျှောက် သထုံမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနက အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရ၊ အမျိုးသမီး မောင်းနှင်သည့် ဆိုင်ကယ်နောက်တွင် အမျိုးသားလိုက်ပါစီးနင်းခြင်း မပြုရ၊ အမျိုးသားများ ဆိုင်ကယ်စီး မည်ဆိုပါက တစ်ဦးတည်းသာစီးနင်းရမည် စသည့်ကန့်သတ်ချက်များအား လိုက်လံကြေညာခဲ့ကြောင်း သိရသည်။

“အားလုံးပေါင်း အချက်လေးချက်။ အမျိုးသမီးဆိုရင်တော့ နှစ်ယောက်စီးလို့ရတယ်။ အမျိုးသားဆိုရင် တော့ တယောက်ပဲဆိုပြီး လော်စပီကာနဲ့ လိုက်အော်တာ။ သထုံဈေးမှာလည်း လာအော်တယ်။ မလိုက်နာ ရင် အရေးယူမယ်လို့လည်း ပါတယ်” ဟု သထုံဈေးမှ ဈေးရောင်းသူတဦးက မဇ္ဈိမကိုပြောသည်။

ကန့်သတ်ချက်များအပေါ် လိုက်နာခြင်းမရှိပါက အမေးအမြန်းမရှိ ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ရာဇသတ် ကြီးပုဒ်မ ၁၈၈ ဖြင့် အရေးယူခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုရက်ပိုင်းတွင် သထုံမြို့ပေါ် ရွှေစာရံဘုရားအနီး၊ စံပြဆေးခန်းကွေ့၊ သထုံမီးပွိုင့်အနီးတို့၌ စစ် ကောင်စီတပ်သားများနှင့် ရဲများက ဆိုင်ကယ်များအား စစ်ဆေးမှုများကို ပြုလုပ်လာကြောင်း သိရသည်။

“ဆိုင်ကယ်သမားတိုင်းမဟုတ်ဘူး၊ ယောကျ်ားတွေပဲ အစစ်ခံရတာ။ ဘောက်ဖွင့်ခိုင်းတယ်။ ဖုန်းယူကြည့် တယ်၊ အစုံလိုက်မေးတယ်” ဟု သထုံမြို့ပေါ်မှ ဒေသခံတဦးက ဆိုသည်။

မွန်ပြည်နယ်အတွင်း၌ ပေါင်၊ ဘီးလင်း၊ ကျိုက်ထို၊ ရေးမြို့နယ်တို့တွင်လည်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနက  အမျိုးသားနှစ်ဦး ဆိုင်ကယ်တစီးတွင်အတူမစီးရန် ကန့် သတ်ထားသည်။

စစ်ကောင်စီက အမျိုးသားနှစ်ဦး ဆိုင်ကယ်တစီးတွင် အတူမစီးရန် ကန့်သတ်လိုက်သည့် မြို့နယ်များတွင် စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်သား၊ အုပ်ချုပ်ရေးဝန်ထမ်း၊ စစ်ကောင်စီသတင်းပေးများ မကြာခဏ တိုက်ခိုက်ခံရသဖြင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးခြင်းများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

အဆိုပါ မြို့နယ်များသည် နေ့စဉ်သွားလာလှုပ်ရှားရေးအတွက် ဆိုင်ကယ်ကို အဓိကအသုံးပြုသည့် ဒေသ များဖြစ်၍ ယခုကဲ့သို့ ကန့်သတ်လိုက်သည့်အခါ ဆိုင်ကယ်ကယ်ရီသမားများ၊ ဆိုင်ကယ်ဖြင့် သွားလာ လုပ်ကိုင်ကြသူများအနေဖြင့် အခက်အခဲများစွာ ကြုံရကြောင်းလည်း ဒေသခံများထံက သိရသည်။

မွန်ပြည်နယ်၌သာမက စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီပြည်နယ်၊ ရန်ကုန်တိုင်း စသည့် တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင်လည်း စစ်ကောင်စီက အလားတူ အမျိုး သားနှစ်ဦး ဆိုင်ကယ်တစီးတွင် အတူမစီးရန် ကန့်သတ်ထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly