အမုန်းပွားမှု ဖြစ်စေသည့် အကြောင်းအရာများကြောင့် TikTok ကို ပိတ်ပင်လိုက်ကြောင်း နီပေါတာဝန်ရှိသူများ ပြောကြား

By The New York Times
18 November 2023
အမုန်းပွားမှု ဖြစ်စေသည့် အကြောင်းအရာများကြောင့် TikTok ကို ပိတ်ပင်လိုက်ကြောင်း နီပေါတာဝန်ရှိသူများ ပြောကြား

လူမှုဘဝသဟဇာတဖြစ်မှုကို ထိခိုက်စေပြီး၊ အမုန်းပွားစေသော အကြောင်းအရာများကို တားမြစ်ရန် ငြင်းဆန်ခြင်း ကြောင့် လူကြိုက်များသော ဆိုရှယ်မီဒီယာအက်ပ်ပလီကေးရှင်း TikTok ကို နီပေါအစိုးရက ပိတ်ပင်လိုက် ကြောင်း နိုဝင်ဘာ ၁၃ရက်က ပြောကြားလိုက်သည်။

TikTok သည် တစ်ကမ္ဘာလုံးတွင် သုံးစွဲသူပေါင်း တစ်ဘီလီယံကျော်ရှိသောကြောင့် လူဦးရေ သန်း ၃၀ ခန့်ရှိ သော ဟိမဝန္တာနိုင်ငံဖြစ်သည့် နီပေါ၏ ပိတ်ပင်မှုသည် TikTok ကို သိသိသာသာ ထိခိုက်စေနိုင်ဖွယ်မရှိသော် လည်း ကမ္ဘာတစ်ဝန်းရှိ အစိုးရများက တရုတ်ပိုင်ကုမ္ပဏီပိုင်  TikTok ကို အသုံးပြုမှု ကန့်သတ်ရေးအတွက် ပိုမိုကြိုးပမ်းလာကြောင်းကို ဖော်ပြသည့် ထင်ရှားသော လက္ခဏာတစ်ရပ်ဖြစ်သည်။

ယခုအချိန်အထိ မဖြေရှင်းနိုင်သေးသည့် ဟိမဝန္တာတောင်တန်းဒေသများတွင် နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားပြီးနောက် အိန္ဒိယက ၂၀၂၀ပြည့်နှစ်က ပိတ်ပင်လိုက်သည့် တရုတ်အက်ပ် ဒါဇင်များစွာထဲတွင် TikTok လည်း ပါဝင်သည်။

သုံးစွဲသူများ၏ အရေးကြီးသောအချက်အလက်များကို တရုတ်အစိုးရထံ မျှဝေမည်ဟူသော စိုးရိမ်မှုများကြောင့် အမေရိကန်၊ ဥရောပနှင့် ကနေဒါတို့တွင်လည်း TikTok သည်စိစစ်ကန့်သတ်ချက်များ တိုးမြှင့်ခံခဲ့ရသည်။

နီပေါသည် အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံ၏ စည်းရုံးမှုခံနေရပြီး တရုတ်က အလွဲသုံးစားလုပ်မည်ကို မစိုးရိမ် သော်လည်း ပြည်တွင်းသဟဇာတဖြစ်မှုကို ပိုမိုစိုးရိမ်ခဲ့သည်။

ဘာသာရေးမုန်းတီးမှု၊ အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို လှုံ့ဆော်ပေးသည့် အကြောင်း အရာများ ပျံ့နှံ့နေခြင်းကို တာဝန်ရှိသူများက ဖော်ပြခဲ့ပြီး ယင်းတို့သည် ပြင်ပတွင်ပါ ရုန်းရင်းဆန်ခတ် ဖြစ်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ညမထွက်ရအမိန့်ထုတ်ခြင်းနှင့် ရဲတပ်ဖွဲ့ကို ဖြန့်ကျက်မှုများ ပြုလုပ်ခဲ့ရသည်။

အဆိပ်အတောက်ဖြစ်စေသော အကြောင်းအရာများတွင် လိင်ပိုင်းဆိုင်ရာနှင့် ဇာတ်စနစ်တို့ ပါဝင်သော်လည်း၊ အထူးသဖြင့် ဟိန္ဒူဘာသာဝင်များ၊ မွတ်ဆလင်များနှင့် ဌာနေတိုင်းရင်းသားအသိုင်းအဝိုင်းများကြား တွင် နွားသတ်ခြင်းနှင့်ပတ်သက်၍ TikTok ပေါ်တွင် အွန်လိုင်းတိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ဟိန္ဒူဘာသာဝင်များက နွားကို အထွတ်အမြတ်ထားကြသည်။

အစိုးရအဖွဲ့၏ တားမြစ်ချက်ကို အတည်ပြုပြီးနောက် နီပေါ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီး ရီခါရှာမာက "ကျွန်မတို့ရဲ့ လူမှုသဟဇာတဖြစ်မှု၊ မိသားစုဖွဲ့စည်းပုံနဲ့ မိသားစုဆက်ဆံရေးက ဆိုရှယ်မီဒီယာဖြစ်တဲ့ TikTok မှာ အနှောင့်အယှက်ခံနေရပါတယ်" ဟု ပြောကြား ခဲ့သည်။

"TikTok ကို ပိတ်ပင်လိုက်တဲ့ ဆုံးဖြတ်ချက်က ချက်ချင်းအသက်ဝင်မှာပါ" ဟု ရှာမာက ပြောကြားသော် လည်း ဆက်သွယ်ရေး ကုမ္ပဏီများသည် အဆိုပါ တားမြစ်ချက်ကို အသက်ဝင်အောင် ဆက်လက် လုပ်ဆောင်ရမည် ဖြစ်ပြီး အသုံးပြုသူများ မည်သည့်အချိန်တွင် အသုံးပြုခွင့် မရတော့မည်ကို ရှင်းရှင်း လင်းလင်း မသိရသေးပေ။

နီပေါအစိုးရက အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း စိတ်အနှောင့်အယှက်ဖြစ်စေသော အကြောင်းအရာ များကို TikTok က ဖြေရှင်းပေးရန် ငြင်းဆိုခဲ့ပြီးနောက် နီပေါတာဝန်ရှိသူများက ပိတ်ပင်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ် နာရမ်ဒရာကေစီက လွန်ခဲ့သော ၉ ရက်က TikTok ကိုယ်စားလှယ်များနှင့် ယင်းပြဿနာများကို နောက်ဆုံးဆွေးနွေးခဲ့သော်လည်း အကြောင်းမထူးခဲ့ပေ။

TikTok ၏ရေပန်းစားမှုသည် အထူးသဖြင့် နီပေါတွင် ကပ်ရောဂါဖြစ်ပွားကတည်းက ခုန်တက်သွားပြီး အမြဲအသုံးပြုသူ ၂ ဒသမ ၂ သန်းခန့်အထိရောက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required