ကမ္ဘာ့အကြီးဆုံး လမုတောဧရိယာ၌ တစ်ခါသုံး ပလတ်စတစ် အသုံးပြုမှု ဘင်္ဂလားဒေ့ရှ် ပိတ်ပင်

ကမ္ဘာ့အကြီးဆုံး လမုတောဧရိယာ၌ တစ်ခါသုံး ပလတ်စတစ် အသုံးပြုမှု ဘင်္ဂလားဒေ့ရှ် ပိတ်ပင်
(Photo: AFP/Johan Ordonez)

ကမ္ဘာ့အကြီးဆုံး လမုတောဖြစ်သည့် ဆန်ဒါဘန်းစ်တွင် ခရီးသွားများက အမှိုက်သရိုက်များ စွန့်ပစ်ခြင်းက ဂေဟစနစ်အပေါ် အကြီးအကျယ် ထိခိုက်မှုဖြစ်စေသည့်အတွက် အဆိုပါ ကမ္ဘာ့အမွေအနှစ်ဆိုဒ်တွင် တစ်ခါသုံး ပလတ်စတစ် အသုံးပြုမှုအပေါ် ပိတ်ပင်ချက် မဖြစ်မနေ ချမှတ်လိုက်ရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများက မတ်လ ၂၈ ရက်တွင် ပြောသည်။

ဆန်ဒါဘန်းစ် လမုတောသည် ဘင်္ဂလားဒေ့ရှ် ပင်လယ်ကမ်းရိုးတန်းကို ခွလျက် တည်ရှိပြီး ယင်းသည် ဘင်္ဂလားကျားနှင့် ဧရာဝတီလင်းပိုင် အပါအဝင် ကမ္ဘာ့ အရှားပါးဆုံး သက်ရှိသတ္တဝါတချို့ ရှိရာ နေရာလည်း ဖြစ်သည်။

နှစ်စဉ် ခရီးသွား ၂၀၀,၀၀၀ ခန့် လာရောက်ကြောင်း အစိုးရက ထုတ်ပြန်သည့် အချက်အလက်ကိန်းဂဏန်းများအရ သိရသည်။ ထို့ပြင် လမုတော ဂေဟစနစ်၏ ဆုလာဘ်များအပေါ် မှီခိုအားပြုကြသည့် တောပျားရည်ရှာသူများနှင့် ငါးဖမ်းသမားများကလည်း ရာသီအချိန်အခါအလိုက် လာရောက်မှုများ ရှိသည်။

“သူတို့တွေ ဒီတောကို လာတဲ့အချိန်ကျရင် တစ်ခါသုံး ရေဘူးတွေ၊ အစားအသောက်စားတဲ့ တစ်ခါသုံး ပလတ်စတစ် ပန်ကန်ပြားတွေ၊ အချိုရည်ပုလင်းတွေ၊ ဘူးတွေကို ယူလာကြတယ်” ဟု အစိုးရ သစ်တော ထိန်းသိမ်းစောင့်ရှောက်သူတစ်ဦးဖြစ်သည့် အဘူ နက်ဆာ မိုဟ်ဆင်း ဟူစိန်က အေအက်ဖ်ပီကို ပြောသည်။

“အဲဒါတွေကို ရှင်းလင်းဖို့က မလွယ်လှပါဘူး” ဟု သူက ပြောသည်။

ယခုအခါ အဆိုပါ ကမ္ဘာ့အကြီးဆုံး လမုတော၏ စတုရန်း ကီလိုမီတာ ၆,၅၀၀ (စတုရန်းမိုင် ၂,၅၀၀) ရှိ ဧရိယာတွင် တစ်ခါသုံး ပလတ်စတစ် အသုံးပြုမှုကို ပိတ်ပင်ကြောင်း ဘင်္ဂလားဒေ့ရှ် သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး မက်ဒ် ရှာဟာဘ် အူဒင်က မတ်လ ၂၇ ရက် ညနေပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

“တစ်ခါသုံး ပလတ်စတစ်တွေက ဆန်ဒါဘန်းစ်ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးကွဲတွေအပေါ် ကြီးကြီးမားမား ထိခိုက်စေခဲ့တယ်” ဟု ဝန်ကြီးက ပြောသည်။

၎င်း၏ ဆုံးဖြတ်ချက်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးသမားများက ချီးကျူးကြသည်။

“ဆန်ဒါဘန်းစ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးကွဲတွေက အန္တရာယ်အောက်မှာ ကျရောက်နေတာပါ” ဟု ဘင်္ဂလားဒေ့ရှ် ဂျဟန်ဂီရာနာဂါ တက္ကသိုလ်မှ သတ္တဗေဒ ပါမောက္ခတစ်ဦးဖြစ်သည့် မွန်နီရူလ် ခန်းက အေအက်ဖ်ပီကို ပြောသည်။

“ပလတ်စတစ်တွေကြောင့် ဖြစ်တဲ့ ညစ်ညမ်းမှုရဲ့ ကြီးလေးမှုအတိုင်းအတာက အတော့်ကို ကြီးပါတယ်။ ရံဖန်ရံခါဆိုသလို တောရိုင်းတိရစ္ဆာန်တွေဟာ ဒီ ပလတ်စတစ်တွေကို စားမိပြီး ဒုက္ခရောက်ကြရပါတယ်”

ဆန်ဒါဘန်းစ်၏ တစိတ်တစ်ဒေသကို ယူနက်စကိုက ၁၉၉၇ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required