ကောလင်းမြို့အတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်များကို ၀င်ရောက်စစ်ဆေးမည်ဟု NUG ထုတ်ပြန်

By မဇ္ဈိမ
18 November 2023
ကောလင်းမြို့အတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်များကို ၀င်ရောက်စစ်ဆေးမည်ဟု NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ရှိ မဟာမိတ်များက သိမ်းပိုက်ထားသည့်ကောလင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်များကို ၀င်ရောက်စစ်ဆေးမည်ဟု NUG အစိုးရက ထုတ်ပြန်သည်။

ကောလင်းမြို့အတွက် NUG အစိုးရက ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့က ၀င်ရောက်စစ်ဆေးမည်ဖြစ်သည်။

" ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ကောလင်းခရိုင်အတွင်းရှိ ပြည်သူလူထုအတွက် ငွေကြေးဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဘဏ်များ၏ လုံခြုံရေးစောင့်ရှောက်မှုပေးနိုင်ရန်နှင့် အများပြည်သူပိုင်ဆိုင်မှုများ နစ်နာဆုံးရှုံးမှု မရှိစေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်၏ ကြေညာချက် အမှတ်(၁/၂၀၂၃) နှင့်အညီ ဘဏ်အတွင်းသို့ ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်သည်" ဟု ကောလင်းခရိုင်၊ အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ထုတ်ပြန်သည်။

ပုဂ္ဂလိကဘဏ်များ၏ တာဝန်ရှိသူများအနေဖြင့် ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့နှင့် အမြန်ဆုံး လာရောက်ဆက်သွယ်ပူးပေါင်းဆောင်ရွက်သွားရန် အသိပေးအကြောင်းကြားအပ်‌ကြောင်း၊ အသိပေးအကြောင်းကြားချက်ကို မလိုက်နာပါက NUG ကြားကာလ ဗဟိုဘဏ်၏ ကြေညာချက်အမှတ် ၁/၂၀၂၃ ပါ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

သိမ်းပိုက်ရရှိထားသည့် မြို့နယ်များအတွင်း ပုဂ္ဂလိကဘဏ်များ၏ ပရဝဏ်၊ အဆောက်အအုံ၊ ဘဏ်ဝန်ထမ်း (ရှိပါက)၊ ဘဏ်အတွင်း ရှိ ငွေသား၊ ဘဏ်ငွေတိုက် (Vault) ရှိ ငွေသား၊ စာရင်းမှတ်တမ်းများ၊ စာချုပ်စာတမ်းများ၊ ပေါင်နှံစာရွက်စာတမ်းများ (Collateral)၊ ဘဏ်အတွင်းရှိ စက်ပစ္စည်းကိရိယာများ၊ ရုံးသုံး Software၊ Hardware များနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို ဖော်ပြသတ်မှတ်ထားပြီး ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ လိုက်နာ အကောင်အထည်ဖော်ဆောင်မှုကို အထူးကြပ်မတ် စီမံလျက်ရှိ‌ကြောင်း၊ အခြေအနေတည်ငြိမ်သည်နှင့် ပြည်သူ့အပ်နှံငွေများ ပြည်သူ့ထံပြန်လည်ရရှိစေရန် စီမံဆောင်ရွက်မည်ဖြစ်‌ကြောင်း ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ၀င်ရောက်စစ်ဆေးရာတွင် ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂ ဒသမ ၃၄၃ ကို ထိန်းသိမ်းထားသည်ဟု ကြားကာလဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ကောလင်းမြို့တွင် KBZ ဘဏ်က ဘဏ်ခွဲနှစ်ခု၊ AYA က ဘဏ်ခွဲတခု ဖွင့်လှစ်ထားသည်။

နိုဝင်ဘာ ၆ ရက်တွင် ‌စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ်(၁)စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required