ပြည်ပခရီးသွားမဝင်၍ အင်းဝမှမြင်းလှည်းသမားများ မြင်းရောင်းချပြီး စားသောက်နေရ

By 007(မဇ္စျိမ)
12 November 2023
ပြည်ပခရီးသွားမဝင်၍ အင်းဝမှမြင်းလှည်းသမားများ မြင်းရောင်းချပြီး စားသောက်နေရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်အတွင်းရှိ အင်းဝမြို့ဟောင်းသို့ ပြည်ပခရီးသွားဝင်ရောက်မှု မရှိတော့သဖြင့် မြင်းလှည်းဖြင့် အသက်မွေးဝမ်းကြောင်းသူများ ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့နေကြရသည်ဟု ဒေသခံများက မဇ္စျိမကိုပြောသည်။

အင်းဝမြို့ဟောင်းအတွင်း မြင်းလှည်းဖြင့်အသက်မွေးဝမ်းကြောင်းကြသူများအနေဖြင့် ပြည်ပခရီးသွားကို အမှီပြုလုပ်ကိုင်စားသောက်နေရခြင်းဖြစ်ပြီး သုံးနှစ်ကျော်ခန့် ခရီးသွားဝင်ရောက်မှုမရှိတော့သည့်နောက် လုပ်ငန်းအပြီးဖြုတ်သိမ်းနေကြခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်ပခရီးသွားမဝင်တာက ကိုဗစ်ကတည်းကစပြီးရေမယ်ဆိုရင် သုံးနှစ်မကတော့ဘူး။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသွားလုပ်ငန်းပြန်ကောင်းလာနိုးနဲ့ စောင့်ခဲ့ကြသေးတယ်၊ အခုပဲ ခရီးသွား တွေအများကြီးဝင်လာတော့မှာလိုလိုနဲ့ သူတို့ဝါဒဖြန့်တာခံရတယ်။

အခုတော့ တကယ်ကိုအဆင်မပြေလို့ တော်တော်များများက မြင်းလှည်းတွေ ဖြုတ်သိမ်းလိုက်ကြပြီ။ မြင်းစာဖိုးမတတ်နိုင်တော့ မြင်းတွေပါ ရောင်းစားနေကြရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတဦးကပြောသည်။

အင်းဝမြို့ဟောင်းသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားအများစုမှာ မော်တော်ယာဉ်များ ဖြင့် လာရောက်ခြင်းဖြစ်ပြီး ပြည်ပဧည့်သည်များမှာ မြင်းလှည်းကို အသုံးပြုကြကြောင်း၊ စစ်အာဏာသိမ်း မှုကြောင့် ပြည်ပခရီးသွား ဝင်ရောက်မှုမရှိသလောက်ဖြစ်နေခြင်းကြောင့် မြင်းလှည်းသမားများ အခက် အခဲမျိုးစုံံ ဖြင့်ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဆိုသည်။

“မြင်းလှည်းက စက်တပ်ယာဉ်မဟုတ်ဘူးလေ။ အလုပ်မဖြစ်ရင် ဒီအတိုင်းရပ်ထားလို့မရဘူး၊ မြင်းတွေပါ တော့ မြင်းစာကျွေးရတယ်။ မြင်းလှည်းတွေဖြုတ်သိမ်းကြတော့ မတော်လောဘသမားတွေက စျေးနှိမ်ပြီး ဝယ်ကြတယ်၊ ဒီတော့ မရောင်းဘဲပစ်ထားလိုက်ကြတယ်။

မြင်းကျတော့ ပစ်ထားလို့မရဘူး အစာကျွေး ရတယ်။ အစာဖိုးကုန်ကျစရိတ်ရှိတော့ နောက်ဆုံး ကျွေးမထားနိုင်တော့ ရတဲ့စျေးနဲ့ ရောင်းစားရတဲ့ အခြေ အနေဖြစ်ကုန်တာပါပဲ” ဟု နှစ်ပေါင်း ၃၀ ကျော် မြင်းလှည်းဖြင့် လုပ်ကိုင်စားသောက်ခဲ့သည့် ဒေသခံ တဦးက ပြောသည်။

ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိခင်က မြင်းစာတအိတ်လျှင် ၈,၀၀၀ ကျပ်ဝန်းကျင်ရှိခဲ့သော်လည်း လက် ရှိတွင် ကျပ် ၃၀,၀၀၀ ကျော်ဖြစ်နေ၍ မြင်းလှည်းသမားများ အခက်တွေ့နေကြရခြင်းဖြစ်ကြောင်း ဒေသခံ များကဆိုသည်။

“မြန်မာငွေတန်ဖိုးကျတော့ အရင်က ၇,၀၀၀၊ ၈,၀၀၀ စျေးရှိတဲ့မြင်းစာက အခု ၃၀,၀၀၀ နဲ့အထက် မှာ ဖြစ်နေတယ်။ အဲဒီမှာ မြင်းလှည်းသမားတွေ တောင့်မခံနိုင်ကြတော့ဘဲ မြင်းတွေပါရောင်းချစားသောက် နေရတဲ့အခြေအနေဖြစ်ကုန်တာ။ အခု အင်းဝခရီးသွားအခြေအနေက ပြည်တွင်းကပဲ အဝင်အထွက် ရှိ တော့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံသတင်းရင်းမြစ်က ပြော သည်။

အင်းဝမြို့ဟောင်းအတွင်း ယခင်က မြင်းလှည်းအစီးရေ ၂၀၀ ကျော်နှင့် မြင်းအကောင်ရေ ၂၀၀ ကျော်ရှိခဲ့ သော်လည်း၊ ယခုအခါ မြင်းကောင်ရေတော့ ၃၀ ခန့်သာကျန်တော့ကြောင်း သိရသည်။

အင်းဝမြို့ဟောင်းသည် ကိုဗစ်ကာလမတိုင်မီက နေ့စဉ် ပြည်ပခရီးသွား ၂၀၀ နှင့်အထက် ဝင်ရောက်မှုရှိ ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required