(၁၁၁၁) စစ်ဆင်ရေးကြေညာပြီး ကရင်နီပူးပေါင်းအဖွဲ့များက စစ်တပ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းယူ

By မဇ္ဈိမ 
13 November 2023
(၁၁၁၁) စစ်ဆင်ရေးကြေညာပြီး ကရင်နီပူးပေါင်းအဖွဲ့များက စစ်တပ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းယူ

ကရင်နီပြည်နယ်မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA)နဲ့ မြို့ပြပျောက်ကျားတပ်၊ လွိုင်ကော်၊ မိုးဗြဲ၊ ဒီးမောဆို၊ ဖယ်ခုံ၊ ရှမ်းတောင် PDF အဖွဲ့ဝင်တွေ ပူးပေါင်းပြီး (၁၁၁၁) စစ်ဆင်ရေးကို နိုဝင်ဘာ ၁၁ ရက်နေ့မနက် ၅ နာရီမှာ စတင်လိုက်တာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ  ၁၁.၁၁ စစ်ဆင်ရေးကို KNDF ၊ KA ၊  ၊ KNPLF(ကလလတ)  ၊ DMO Local PDF ၊ မြို့ပြတော်လှန်ရေးတပ်ဦး(URF)၊ အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲ နဲ့  ကယား(ကရင်နီ)စစ်ဒေသခွဲ PDF တပ်ရင်းများပူးပေါင်းကာ စစ်ကောင်စီတပ်အား ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

စစ်ဆင်ရေး ပထမနေ့မှာ ကရင်နီပြည်နယ်၊  ဒီးမော့ဆို၊ မိုးဗြဲ နှင့် လွိုင်ကော် မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်များ ကာလကြာမြင့်စွာ အထိုင်ချတပ်စွဲထားတဲ့ စစ်စခန်း ၇ ခုကို အပြီးသတ်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

 ဒီးမောဆိုမြို့နယ်က နန်းမယ်ခုံမြို့မှာရှိတဲ့ တပ်စခန်းတွေအပါအဝင် မိုးဗြဲမြို့ နဲ့ လွိုင်ကော်မြို့နယ် အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း ခုနစ်ခုကို သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ် တစ်ရာလောက်နဲ့ ခဲယမ်းကျည်ဆံတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ရဲ့ ရှေ့ဆက်တိုက်ပွဲများကိုလည်း ညီညွတ်မှုအင်အားဖြင့် စစ်အာဏာရှင်ဖြုတ်ချရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်တိုင်ဖန်တီးနိုင်ရေးအတွက် စည်းလုံးစွာ၊ စနစ်ကျစွာဖြင့် အတူတကွ ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ပေါင်းစုက ပူးပေါင်းထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး‌ အခြေအနေတွေအရ လွိုင်ကော်လမ်းမကြီးကို အသုံးမပြုကြဖို့ ဒေသတော်လှန်ရေး အင်အားစုတွေက မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။

အခု ဖြစ်ပေါ်နေတဲ့ စစ်‌ရေးအခြေအနေအရ လွိုင်ကော် - ဒီမော့ဆို၊ လွိုင်ကော် - မိုးဗြဲနဲ့ လွိုင်ကော် - ဆီဆိုင် လမ်းမကြီးကို အသုံးပြုပြီး ခရီးမသွားလာကြဖို့ မေတ္တာရပ်ခံထားတာပါ။

ကရင်နီပူးပေါင်းအဖွဲ့တွေရဲ့ စခန်းသိမ်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူတွေ သုံးပြီး တိုက်ခိုက်ခဲ့သလို တိုက်လေယာဉ် နှစ်စီးအပြင် တိုက်ခိုက်ရေးရဟတ်ယာဉ်တို့နဲ့လည်း အကြိမ် ၂ဝထက်မနည်း ပြန်လည် တိုက်ခိုက်ခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်စခန်းတွေ ဆုံးရှုံးသွားတဲ့ စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်တာတွေ များလာနိုင်တဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ကြဖို့ တိုက်တွန်းပါတယ်။

ရှမ်းပြည်နယ်အတွင်းက မြို့နယ်အတော်များများအပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာလည်း ၁၀၂၇ စစ်ဆင်ရေးနဲ့ ချိတ်ဆက်တဲ့ တိုက်ပွဲတွေ ဖြစ်ပေါ်နေသလို ကယားပြည်နယ်မှာလည်း ၁၁၁၁ စစ်ဆင်ရေးကို စတင်နေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly