အိမ်နီးချင်းနိုင်ငံ အစိုးရတွေအနေနဲ့ ကျရှုံးတော့မယ့် စစ်အုပ်စုကို အရာသွင်း ထိတွေ့ဆက်ဆံနေတာတွေကို ရပ်တန့်ဖို့ NUG ယာယီသမ္မတ ပြော

By မဇ္ဈိမ 
13 November 2023
အိမ်နီးချင်းနိုင်ငံ အစိုးရတွေအနေနဲ့ ကျရှုံးတော့မယ့် စစ်အုပ်စုကို အရာသွင်း ထိတွေ့ဆက်ဆံနေတာတွေကို ရပ်တန့်ဖို့ NUG ယာယီသမ္မတ ပြော

အိမ်နီးချင်းနိုင်ငံ အစိုးရတွေအနေနဲ့ ပြန်လမ်းမရှိတော့တဲ့ စစ်အုပ်စုကို ပြန်လာနိုးမျှော်ကိုးပြီး အရာသွင်း ထိတွေ့ဆက်ဆံနေတာတွေကို ရပ်တန်းကရပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ  ဒူဝါလရှီးလ ကပြောပါတယ်။

နိုင်ငံတကာ အစိုးရတွေအနေဖြင့် မကြာခင် ကျရှုံးတော့မယ့် စစ်အုပ်စုရဲ့ အခြေအနေမှန်ကို သိမြင်သဘောပေါက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာ ၁၁ရက် နေ့က ပြည်သူလူထုသို့ ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကျရှုံးတော့မယ့်စစ်အုပ်စုရဲ့ အခြေအနေမှန်ကို  သဘောပေါက်ပြီး  မြန်မာပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းများကိုအောင်မြင်ချောမွေ့စွာ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုအားလုံးနဲ့  ပြတ်သားစွာ လက်တွဲဝိုင်းဝန်း ကူညီပံ့ပိုးကြရန် အချိန်တန်ပြီလို့ လည်း ယာယီသမ္မတက တိုက်တွန်းခဲ့ပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ  တိုင်းရင်းသားပြည်သူများကို ၎င်းတို့ အာဏာတည်မြဲရေးအတွက် မြှူဆွယ်ဖြောင့်ဖျနေကြောင်း၊ ပြည်သူ့စစ်အဖြစ် ပါဝင်ကြရန် မြှူဆွယ်လျက်ရှိနေကြောင်း၊ အကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်အုပ်စု လက်ပါးစေများဖြစ်တဲ့  ပြည်သူ့စစ်အဖွဲ့ဝင်များလည်း အမြန်ဆုံး ပြည်သူလူထုနဲ့အတူ ရပ်တည်ကြရန် အထူးသတိပေးကြောင်း ယာယီသမ္မတက ပြောပါတယ်။

ပြည်သူများကို အထူးအသိပေးလိုသည်မှာ အကြမ်းဖက်စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲတွေမှာ  အထိနာဆုံးရှုံးမှုများ ကြုံတွေ့လာရတိုင်း အရပ်သားများကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်း လေကြောင်း တိုက်ခိုက်ခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း၊ စစ်ကောင်စီဟာ ပြည်သူအပေါ် ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်များ လုပ်ဆောင်လေ့ရတာကြောင့် အထူးသတိပြုရန် ယာယီသမ္မတက မှာကြားခဲ့ပါတယ်။

မဟာမိတ်ညီနောင်(၃)ဖွဲ့ဖော်ဆောင်နေတဲ့ ၁၀၂၇စစ်ဆင်ရေးဟာ ရက်တိုကာလအတွင်းမှာ အောင်ပွဲတွေအများအပြားရယူနိုင်ခဲ့တာကိုလည်း အားတက်ဖွယ် တွေ့မြင်ရတယ်လို့  ယာယီသမ္မတ ကပြောဆိုခဲ့ပါသေးတယ်။

စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့်လည်း မဟာမိတ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များကို ပြန်လည်ခုခံခြင်းမပြုဘဲ အလံဖြူထောင် အလင်းဝင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောကြားသွားပါတယ်။စစ်ရှိန်တိုးမြှင့်လာတာနဲ့ အမျှ တိုးပွား လာတဲ့ စစ်ဘေးသင့်ပြည်သူဦးရေဟာ လက်ရှိအချိန်မှာ နှစ်သန်းကျော်ရှိပြီ ဖြစ်ကြောင်း၊  ယခုကဲ့သို့ အရေးပေါ်အခြေအနေတွေမှာ  ထိရောက်တဲ့ စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနမျာနဲ့ ဖက်ဒရယ်ယူနစ် အစုအဖွဲ့များ၊ အတိုင်ပင်ခံ ကောင်စီများ၊ တိုင်းရင်းသားမဟာမိတ်များ ပူးပေါင်းဖွဲ့စည်းထားတဲ့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဟာ မြို့သိမ်းတိုက်ပွဲများအတွင်း အရပ်သားပြည်သူများထိခိုက်ဆုံးရှုံးမှု လျော့နည်း သက်သာစေရေးအတွက် အစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ထားပါတယ်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly