ချင်းရွှေဟော်မှ စစ်ရှောင်များ နေရပ်ပြန်ပြီဟု MNDAA ထုတ်ပြန်

By ရွှေနွယ်( မဇ္ဈိမ )
31 October 2023
ချင်းရွှေဟော်မှ စစ်ရှောင်များ နေရပ်ပြန်ပြီဟု MNDAA ထုတ်ပြန်
ပုံအညွှန်း - အောက်တိုဘာ ၂၉ရက်နေ့ ချင်းရွှေဟော်မြို့တွင်းအခြေအနေ (ဓာတ်ပုံ - The Kokang)

ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်မြို့တွင် စစ်ကောင်စီ၏ တပ်စခန်းအားလုံးနီးပါးကို မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ထားပြီးနောက် ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် တိုက်ပွဲများပြေလျော့လာပြီဖြစ်သည့်အတွက် စစ်ရှောင်များ ၎င်းတို့၏ နေအိမ်များသို့ ပြန်လာကြပြီဖြစ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်( MNDAA )မှ ထုတ်ပြန်ထားသည်။

ချင်းရွှေဟော်မြို့တွင် Operation 1027 စတင်သည့် အောက်တိုဘာ ၂၇ ရက်နေ့နှင့် အောက်တိုဘာ ၂၈ ရက်နေ့တို့တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒေသတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းနေရာများအား တစထက်တစ သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရသိရသည်။

အောက်တိုဘာ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင်မူ မြို့တွင်း၌ နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

"ချင်းရွှေဟော်မှာ ရှိတဲ့စစ်ကောင်စီတွေ အားလုံးနီးပါးကို ရှင်းထုတ်လိုက်ပြီ။ အခု လုံးဝပိုင်ပိုင်နိုင်နိုင် ထိန်းထားတဲ့မြို့ကတော့ ချင်းရွှေဟော်ပေါ့၊ ချင်းရွှေဟော်ကိုတော့ သိမ်းထားတယ်" ဟု MNDAA ၏ ပြောခွင့်ရသူ ဦးကျော်နိုင်မှ မဇ္ဈိမကိုပြောသည်။

ချင်းရွှေဟော်မြို့အတွင်း ထိခိုက်ပျက်စီးမှုရှိခဲ့သည့် နေအိမ်ဆိုင်ခန်းများအားရှင်းလင်းနိုင်ရန်အတွက် တအိမ်လျှင် လူနှစ်ဦးနှုန်းဖြင့် အောက်တိုဘာ ၂၈ ရက်နေ့ကပင် ရှင်းလင်းခွင့်ပြုခဲ့သည်ဟုလည်း MNDAA ၏ ထုတ်ပြန်ချက်အရသိရသည်။

လက်ရှိတွင် စစ်ဘေးလွတ်ရာသို့ ရွှေပြောင်းပေးထားသည့် ဒေသခံများအား နေအိမ်များသို့ပြန်၍ စျေးဆိုင်ဖွင့်လှစ်ခွင့်လည်း ပြန်ပေးထားကြောင်း၊ လျှပ်စစ်ဓာတ်အားပြဿနာကိုမူ ဖြေရှင်းနေဆဲဖြစ်ကြောင်းသိရသည်။

“နယ်မြေရှင်းလင်းရေးမှာတော့ ချင်းရွှေဟော်မှာ အရပ်သားသေဆုံးမှုတွေတော့မရှိပါဘူးဗျ၊ ဒါပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဒဏ်ရာရရှိသူတော့ရှိပါတယ်ဗျ” ဟု ဦးကျော်နိုင်မှ ဆိုသည်။

လက်ရှိတွင် ချင်းရွှေဟော်မြို့၌ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ဆဲပင်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများလည်း ရှိနေကြောင်းလည်း သိရသည်။

ချင်းရွှေဟော်မြို့သည် တရုတ်−မြန်မာနယ်စပ်ရှိ လောက်ကိုင်မြို့အတွင်းမှ မြို့တခုဖြစ်ပြီး အဆိုပါ မြို့အား မြောက်ပိုင်း ညီနောင်မဟာမိတ်များမှ နှစ်ရက်အတွင်း အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း MNDAA ၏ ထုတ်ပြန်ချက်များအရသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly