ချောင်းဦးမြို့ စစ်ကောင်စီတပ်စခန်းမှထွက်ပြေးလာသည့် ပျူစောထီး ၂ ဦး လက်နက်ဖြင့် ဖမ်းဆီးရမိ

By ပါခွီး (မဇ္စျိမ)
07 November 2023
ချောင်းဦးမြို့ စစ်ကောင်စီတပ်စခန်းမှထွက်ပြေးလာသည့် ပျူစောထီး ၂ ဦး လက်နက်ဖြင့် ဖမ်းဆီးရမိ
ပုံအညွှန်း - စခန်မှထွက်ပြေးသည့် ပျူစောထီးအား ဖမ်းဆီးထားစဥ်(ဓါတ်ပုံ  -  Area 71 PDF)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ မြပုလဲဆီဆိုင်အနီးရှိ စစ်ကောင်စီစခန်းမှ ထွက်ပြေးလာသော ပျူစောထီးနှစ်ဦးကို လက်နက်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း Area 71 PDF (Monywa) က နိုဝင်ဘာလ ၇ ရက် ယနေ့ ထုတ်ပြန်ထားသည်။

ချောင်းဦးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များမှ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ချိန်တွင် စခန်းအတွင်းရှိ ပျူစောထီးများ နီးစပ်ရာတောအတွင်းသို့ ထွက်ပြေးသည်ကို သိရှိ၍ အုပ်စုသုံးစုခွဲပြီး တောနင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ရေမြောင်းကျဥ်းကျဥ်းလေးထဲမှာ ပုန်းနေတာ၊ သူဝတ်ထားတဲ့ ယူနီဖောင်းနဲ့က မမြင်ရဘူး၊ တက်နင်းမိမှ သိတာ။ ဒါနဲ့ လုံးထွေးဖမ်းဆီးလိုက်ရတာ” ဟု Area 71 PDF တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
ပျူစောထီးနှင်းဦးကို ၎င်းတို့ကိုင်ဆောင်သည့် ကာဘိုင်သေနတ် နှစ်လက်နှင့်အတူ စိုက်ခင်းတခုအကြားရှိ ရေမြောင်းထဲတွင် ဖမ်းဆီရမိခြင်းဖြစ်ကြောင်း ဆိုသည်။

ဖမ်းဆီရမိသောပျူစောထီးတဦးကို ကာကွယ်ရေးအဖွဲ့မှမေးမြန်းခဲ့ရာ ၎င်းတို့အဖွဲ့တွင် ခြောက်ဦးပါဝင်ကာ ကန့်ဘလူနယ်မှဖြစ်ပြီး ပိုက်ဆံမပေးနိုင်၍ အဖွဲ့ဝင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခင်ကတည်းက ထွက်ပြေးရန် အကြံအစည်ရှိကြောင်း ဖြေကြားသည်။

စခန်းသိမ်းတိုက်ပွဲစတင်ချိန်ကတည်းက ပြန်လည်ပစ်ခတ်ခြင်းမပြုဘဲ သံတံခါးကိုကန်၍ ထွက်ပြေးခဲ့ရာ တွင် လူစုကွဲ၍ ၎င်းတို့နှစ်ဦးအဖမ်းခံရခြင်းဖြစ်ကြောင်း ဆိုသည်။

ချောင်းဦးမြို့သို့ရောက်ရှိသည်မှာ လေးလနီးပါးခန့်ကြာမြင့်ပြီး စစ်ကြောင်းထိုးရာတွင် လိုက်ပါရခြင်းမရှိဘဲ တပတ်တကြိမ် လမ်းပေါ်တက်၍ လမ်းအသွားအလာများကို မှတ်ပုံတင်စစ်ရသည်မှအပ ကျန်အချိန်များ တွင် မြက်ထိုး၊ ထင်းပေါက်နှင့် သန့်ရှင်းရေးအလုပ်များ လုပ်ကိုင်ရကြောင်း ပြောကြားသည်။

၎င်းတို့အဖမ်းခံထားရချိန်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအောင်သူရက ဖုန်းမက်ဆေ့ဖြင့် “ဘယ်ရောက် နေလဲ၊ စခန်းပြန်ခဲ့၊ ဖုန်းကိုင်၊ ဖုန်းမပြောရင် ဘယ်ရောက်ရောက် သေသေ လာမခေါ်ဘူး” ဟု စာလှမ်းပို့ ကြောင်း သိရသည်။

၎င်းတို့စခန်းတွင် ပျူစောထီး ၂၀ ဦး၊ ရဲငါးဦးနှင့် စစ်ကောင်စီတပ်သားသုံးဦး စုစုပေါင်း ၂၈ ဦးရှိကြောင်း အဖမ်းခံထားရသည့် ပျူစောထီးက ပြောဆိုသည်။

ဖမ်းဆည်းရမိသည့် ပျူစောထီးနှစ်ဦးနှင့် သေနတ်နှစ်လက်ကို NUG အစိုးရလက်အောက်ခံ ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့အစည်းထံသို့ နိုဝင်ဘာလ ၄ ရက်နေ့က လွှဲပြောင်အပ်နှံပေးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

နိုဝင်ဘာလ ၄ ရက်နေ့က ချောင်းဦးမြို့ မြပုလဲဆီဆိုင်အနီးရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်း အဖွဲ့က ဝင်ရောက်စီနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့မှ လည်း ခြောက်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required