ကလေးမြို့နှင့်တမူးမြို့ တော်လှန်ထိုးစစ်ကို အရှိန်ဖြင့် ထပ်မံချီတက်နေဟု NUG ယာယီသမ္မတ‌ပြောကြား

By 002 (မဇ္စျိမ)
07 November 2023
ကလေးမြို့နှင့်တမူးမြို့ တော်လှန်ထိုးစစ်ကို အရှိန်ဖြင့် ထပ်မံချီတက်နေဟု NUG ယာယီသမ္မတ‌ပြောကြား
ပုံအညွှန်း-NUG ယာယီသမ္မတ ဒူဝါလရှီးလ

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် တမူးမြို့တို့သည် တော်လှန်ထိုးစစ်ကို အရှိန်ဖြင့်ထပ်မံချီ တက်နေ ကြောင်း NUG ယာယီသမ္မတ‌ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၅/၂၀၂၃ အစိုးရ အဖွဲ့အစည်းအဝေးတွင်  ‌ပြောကြားသည်။

“ကောလင်းမြို့သိမ်းတိုက်ပွဲလိုပဲ တော်လှန်ထိုးစစ်ကို အရှိန်အဟုန်နဲ့ ထပ်မံချီတက်နေတာကတော့ ကလေးမြို့နဲ့ တမူးမြို့တို့ပဲ ဖြစ်ပါတယ်။ စစ်ရေးထိုးစစ်တွေနဲ့ မြို့သိမ်းစစ်ဆင်ရေးတွေဟာ ဒိုမီနိုသဘော တရားလို ဆင့်ကာဆင့်ကာနဲ့ထပ်တိုးလာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီအောင်ပွဲတွေကို ကျွန်တော်တို့ ဝမ်းမြောက်စွာကြိုဆိုသလို လေးနက်စွာအားစိုက် ထပ်တိုးလုပ်ဆောင်ကြရမယ်လို့ အထူး ပြောကြားချင်ပါတယ်” ဟု ယာယီသမ္မတက ‌ပြောသည်။

စစ်ဆင်ရေး ၁၀၂၇ ၏ အောင်မြင်မှုများမှာ ပြည်တွင်းပြည်ပမှ ပြည်သူများကို မျှော်လင့်ချက်ရောင်ခြည် ထွန်းလင်းစေပြီး ပူးပေါင်းစစ်ဆင်ရေး၏ အကျိုးကျေးဇူးများကို မြင်တွေ့ရပြီဖြစ်‌ကြောင်း ယာယီသမ္မတက ‌ပြောသည်။

“ကျွန်တော်တို့ဟာ ပူးပေါင်းစစ်ဆင်ရေးတွေရဲ့ အကျိုးကျေးဇူးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ ဖြစ် သလို၊ နွေဦးတော်လှန်ရေးမှာ အမြင့်မားဆုံးသောစစ်ရေးမှတ်ကျောက်ကို ရေးထွင်းနိုင်တဲ့အချိန်ကို ရောက် လာပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ခုခံတော်လှန်စစ်မှသည် မြို့သိမ်းပြည်သိမ်းတိုက်ပွဲတွေအထိ တလှိုင်းပြီးတလှိုင်း ဆက်လက်ချီတက်နိုင်ကြမယ်လို့ ကျွန်တော့်အနေနဲ့ အထူးမျှော်လင့်ပါတယ်” ဟု ၎င်း က ဆက်‌ပြောသည်။

စစ်ကောင်စီက ၎င်းအထိနာလေ တိုင်းရင်းသားမဟာမိတ်များ၏ဌာနချုပ်များကိုတိုက်ခိုက်လေ ဖြစ်သဖြင့် ဌာနချုပ်များထံ ထိုးစစ်မရောက်အောင်ကာကွယ်ရမည်ဟု ယာယီသမ္မတက ‌ပြောသည်။

“တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့တွေရဲ့ ဗဟိုဌာနချုပ်တွေကို စစ်ကောင်စီရဲ့ထိုးစစ် ရောက် မလာအောင် နည်းပေါင်းစုံနဲ့ ကာကွယ်လုပ်ဆောင်ကြဖို့ လိုပါတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ကြီး တွေရဲ့အင်အားဟာ နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးရဲ့ အင်အားနဲ့ထပ်တူဖြစ်ကြောင်း ကျွန်တော်တို့ နား လည်သဘော ‌ပေါက်ဖို့လိုပါတယ်” ဟု ယာယီသမ္မတက ‌ပြောသည်။

မြန်မာနိုင်ငံ၏ ပဋိပက္ခများ ချုပ်ငြိမ်းရေးမှာ အချက်သုံးချက်ရှိကြောင်း ယာယီသမ္မတက ‌ပြောသည်။
“စစ်တပ် နိုင်ငံရေးမှထွက်ရေး/ အာဏာရှင်စနစ်ဖျက်သိမ်းရေးနှင့် ကိုယ်ကံကြမ္မာကိုယ် ဖန်တီးခွင့် အပြည့် အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုထူထောင်ဖို့ အာဏာသိမ်းမင်းအောင်လှိုင်နှင့် စစ်အုပ်စုအပေါင်း အပါများကလက်ခံလျှင် ယနေ့ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများ အမြန်ရပ်တန့်သွားနိုင်မှာ ဖြစ်တယ်" ဟု ၎င်းက‌ ပြောသည်။

လက်ရှိတွင် ခုခံတော်လှန်စစ် အရှိန်ကောင်းနေသည့်အချိန်တွင် ခလုတ်တိုက်မှောက်လဲသည့်အဖြစ်မျိုး မကြုံစေရန် သတိထားရမည်ဟု ယာယီသမ္မတက ‌ပြောသည်။

အမှတ်(၁)စစ်ဒေသ ကောလင်းခရိုင်ကွပ်ကဲရေး၏ကြီးကြပ်မှုဖြင့် PDF နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ က နို၀င်ဘာလ ၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း ကောလင်းမြို့ကို သိမ်းပိုက်ထားသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly