တနင်္သာရီမြို့ ခမရ (၅၆၁) အနီးရော်ဘာခြံများတွင် စစ်ကောင်စီမိုင်းထောင်၍ ဒေသခံများအခက်ကြုံ

By ကိုရွှေမြိတ်(မဇ္ဈိမ)
09 November 2023
တနင်္သာရီမြို့ ခမရ (၅၆၁) အနီးရော်ဘာခြံများတွင် စစ်ကောင်စီမိုင်းထောင်၍ ဒေသခံများအခက်ကြုံ
ပုံအညွှန်း - တနင်္သာရီတိုင်းမှ ရော်ဘာခြံတခြံ (ဓာတ်ပုံ/CJ)

တနင်္သာရီမြို့၊ညောင်ပင်ကွင်းရွာ အခြေစိုက်ခြေမြန်တပ်ရင်း ခမရ (၅၆၁) အနီးပတ်ချာလည်တွင် စစ်ကောင်စီက လုံခြုံရေး အကြောင်းပြချက်ဖြင့် မိုင်းထောင်ပြီး ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်သည့်အတွက် ဒေသခံရော်ဘာခြံ ပိုင်ရှင်အချို့ အခက်ကြုံနေရကြောင်းသိရသည်။

ခမရ (၅၆၁)ခြံစည်းရိုးနှင့် မီတာ ၃၀၀( ပေ ၁,၀၀၀ခန့်)ပတ်လည်၌ မိုင်းထောင်ထားသည့်အကြောင်းနှင့်  ခြံပိုင်ရှင်များအနေဖြင့် အလုပ်ရပ်နားထားရန် ပျူစောထီးအဖွဲ့ဝင်ဆိုသူများက လိုက်လံပြောဆိုသလို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၇ရက်တွင် ဒေသခံအချို့အား ခေါ်ယူအသိပေးခဲ့သည်ဟု သိရသည်။

" ရော်ဘာခြံကိုပဲ အမှီပြုအားကိုးပြီးတော့ လုပ်ကိုင် ရပ်တည်နေကြတော့ အခုလို အလုပ်မလုပ်ဖို့ ဟန့်တား သတိပေးခံရတော့ ပိုင်ရှင်တွေလည်း အခက်အခဲ ဖြစ်နေရသလို ဒါကို အမှီပြုပြီး လုပ်နေတဲ့ အလုပ်သမားတွေလည်း အလုပ်လက်မဲ့ ဖြစ်ကုန်တယ်”ဟု ညောင်ပင်ကွင်းရွာ ဒေသခံ ခြံပိုင်ရှင်တဦးက ပြော သည်။

လက်ရှိ ကာလသည် ရော်ဘာစေးခြစ်သည့် ပွင့်လင်း ရာသီဖြစ်သည်။ စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ဒေသခံများကို ဒုက္ခပေးခြင်းဟု ရာဘာခြံလုပ်သားများကပြောသည်။ 

 " ဘယ်သူမှလည်း သွားမလုပ်ရဲတော့ဘူးလေ။ ဖြစ်ရင် ကိုယ်ဖြစ် ကိုယ်ခံ ဆိုတော့ စစ်တပ် လက်ထက်မှာ ဘယ်ကိုမှ တိုင်လို့မှ မရတာ”လို့ ရော်ဘာစေးခြစ် လုပ်ကိုင်နေသည့် အမျိုးသမီး တဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ခမရ (၅၆၁) ပတ်ဝန်းကျင်တွင် ဒေသခံများအား အသိမပေးဘဲ ယခင်ကတည်းက မိုင်းထောင်ထားခြင်းဟု စုံစမ်းသိရှိရသည်။ မိုင်းထောင်ထားကြောင်း တပ်တွင်းလှို့ဝှက်အသိပေးစာတစောင်သည် နိုဝင်ဘာလ ၄ရက်က ထွက်ပေါ်လာပြီးမှ နိုဝင်ဘာလ ၇ရက်တွင် ဒေသခံအချို့အားခေါ်ယူပြောကြားခြင်းဟု သိရသည်။
အဆိုပါ တပ်ရင်းအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာလက အမျိုးသမီးတဦး မိုင်းနင်းမိ၍ဒဏ်ရာ ရခဲ့သည့် ဖြစ်စဉ် ရှိခဲ့သည်။

တနင်္သာရီတိုင်းအတွင်း စစ်အုပ်ချုပ်ရေး‌ကြေညာထားသည့် တနင်္သာရီနှင့် ပုလောမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်နေပြီး စစ်ကောင်စီထောင်ထားသည့် မိုင်းအန္တရာယ်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောသည်။

စာတည်း -အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required