မူဆယ်နှင့် နမ့်ခမ်းမြို့၌ ညမထွက်ရအမိန့် TNLA ထုတ်ပြန်

By ဂျူချန်း(မဇ္ဈိမ)
15 November 2023
မူဆယ်နှင့် နမ့်ခမ်းမြို့၌ ညမထွက်ရအမိန့် TNLA ထုတ်ပြန်
ပုံအညွှန်း- တိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁၀ ရက်နေ့ နမ့်ခမ်းမြို့တွင်း မြင်ကွင်း ဓါတ်ပုံ-မဇ္ဈိမ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ၎င်းတို့ ထိန်းချုပ်ရန် ကြိုးစားနေသည့်  ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းနှင့် မူဆယ်မြို့တွင် ပြည်သူများအနေဖြင့်  ည ၈နာရီမှ နံနက် ၆ နာရီအတွင်း အပြင်ထွက်သွားလာခြင်းမပြုရန် အသိ‌ပေးချက် ထုတ်ပြန်သည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ မှ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး အရေးပေါ်ကာလအတွင်း မူဆယ်မြို့နှင့် နမ့်ခမ်းမြို့မှ  ပြည်သူများ ည ၈နာရီမှ နံနက် ၆ နာရီအတွင်း အိမ်အပြင်ဘက် သွားလာခြင်းမပြုလုပ်ရန်၊ သွားလာရန်လိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများအား ခွင့်ပြုချက်တောင်းခံရန်၊ ဒုစရိုက်မှုနှင့် ရာဇဝတ်မှု ကျူးလွန်ခြင်း မပြုရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ခြင်း၊ သယ်ဆောင်ခြင်း မပြုလုပ်ရန်၊ စားသောက်ကုန်များအား ဈေးတင်ရောင်းချခြင်း မပြုလုပ်ရန် ယမန်နေ့ နိုဝင်ဘာလ ၁၄ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ပုံအညွှန်း- တိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁၀ ရက်နေ့ နမ့်ခမ်းမြို့တွင်း မြင်ကွင်း ဓါတ်ပုံ-မဇ္ဈိမ

“တိုက်ပွဲကာလမှာ ဒေသခံတချို့က လက်နက်ကြီးရန်ကိုရှောင်ဖို့ နေအိမ်ကနေ ထွက်ခွာသွားတာရှိတယ်။ အဲ့လိုမျိုး လူတွေမရှိတဲ့ အချိန်မှာ သူခိုးတွေ၊လူဆိုးတွေ၊ ဒုစရိုက်သမားတွေက သူတို့အိမ်ကို ဝင်ဖောက်ပြီးတော့မှ ပစ္စည်းတွေ ယူသွားတာမျိုး။ အဲ့လိုမျိုးတွေကြားသိနေရတယ်။ တိုင်ကြားတာတွေ ရှိတယ်။ အဲ့လိုမျိုးကြောင့်ထုတ်ပြန်ရခြင်းဖြစ်တယ်"ဟု TNLA ပြောခွင့်ရသူတဦးက မဇ္ဈိမကို ပြောသည်။

မဖြစ်မနေ ထွက်ခွာရမည်ဆိုပါက ကြိုတင်အသိပေးရန်နှင့် အသိမပေးပါက အရေးယူမည်ဟု ဆိုသည်။

ပုံအညွှန်း- တိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁၀ ရက်နေ့ နမ့်ခမ်းမြို့တွင်း မြင်ကွင်း ဓါတ်ပုံ-မဇ္ဈိမ

နမ့်ခမ်းမြို့မှ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့တွင် TNLAနှင့် မဟာမိတ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ မြို့တွင်းနှင့် မြို့ပတ်လည်ကို ထိန်းချုပ်ထားသည်ဟု  TNLA တပ်ဖွဲ့ဝင်တဦးက ပြောသည်။ မူဆယ်မြို့တွင်းတွင်စစ်ကောင်စီနှင့် ပြည်သူ့စစ်များက ထိန်းချုပ်ထားပြီး မြို့ပြင်လမ်းများတွင် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားကြောင်း ဒေသခံများက ပြောသည်။ မူဆယ်နှင့် နမ့်ခမ်းမြို့သည် တရုတ်နိုင်ငံနယ်စပ်တွင် တဆက်တည်း ရှိနေသည်။ နှစ်မြို့စလုံးကို  စစ်ကောင်စီကနိုဝင်ဘာ ၁၂ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေငြာထားသည်။ လတ်တလောတွင် မူဆယ်မြို့၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအနီး၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟု မြို့ခံများကပြောသည်။

" နမ့်ခမ်း‌ရော၊ မူဆယ်တဝိုက်‌ရော မဟာမိတ်တွေဘက်က စစ်ရေးအသာစီးရနေတယ်။ ထုတ်ပြန်ချက်တွေကို လိုက်နာတာက အန္တရာယ်ကင်းပါလိမ့်မယ်" ဟု မူဆယ်မြို့ခံတဦးကပြောသည်။

ပုံအညွှန်း- တိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁၀ ရက်နေ့ နမ့်ခမ်းမြို့တွင်း မြင်ကွင်း ဓါတ်ပုံ-မဇ္ဈိမ

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က  ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ပြီးနောက် နမ့်ခမ်းမြို့ကို TNLA နှင့် ပူးပေါင်းတပ်များမှ လည်းကောင်း၊ ချင်းရွှေဟော်၊  ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ ကွမ်းလုံ၊ သိန္နီ မြို့များကို MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်များမှလည်းကောင်း တိုက်ခိုက်ထိန်းချုပ်ထားပြီး လောက်ကိုင်မြို့ကို သိမ်းပိုက်ရန် စီစဉ်နေကြောင်း MNDAA က နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လားရှိုး၊ကွတ်ခိုင်၊ ကွမ်းလုံ၊မူဆယ်၊ နမ့်ခမ်း၊ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်း စသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ ရှစ်မြို့ကို နိုဝင်ဘာ ၁၂ ရက်နေတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေငြာထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly