ထိုင်းကို MoU မြန်မာ လုပ်သား ၄၇၀ ဦးကျော် ထပ်မံ ဝင်ရောက်လာ

By ကိုရွှေမြိတ်(မဇ္ဈိမ)
15 November 2023
ထိုင်းကို MoU မြန်မာ လုပ်သား ၄၇၀ ဦးကျော် ထပ်မံ ဝင်ရောက်လာ

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ရွှေ့ပြောင်းမြန်မာလုပ်သား ၄၇၄ ဦးသည် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့က ထပ်မံဝင်ရောက်လာကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ဒေသခံ သတင်းအရင်းမြစ်များထံမှ သိရသည်။

အဆိုပါ MOU ရွှေ့ပြောင်း မြန်မာလုပ်သားများကို ပြည်တွင်းရှိ တရားဝင် (ထိုင်း) လိုင်စင်ရ အေဂျင်စီ ကိုးခုက မြ၀တီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားမှ တဆင့် ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

“မနေ့က ဝင်ရောက်လာတဲ့ MOU မြန်မာ လုပ်သားတွေက အယောက် ၄၇၀ ဦးကျော်လို့ သိရတယ်၊ ထိုင်းနိုင်ငံက စက်ရုံ၊ အလုပ်ရုံတွေက တာဝန်ရှိတဲ့ သူတွေက သက်ဆိုင်ရာ လုပ်ငန်းခွင်တွေထဲကို ပို့ဆောင်သွားပြီလို့ သိရတယ်”ဟု မဲဆောက်မြို့က သတင်းအရင်းမြစ် တဦးက ပြောသည်။

ယင်း မြန်မာလုပ်သားများကို ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင် (ထိုင်း)လိုင်စင်ရ အေဂျင်စီများဖြစ်သည့် " မြင့်မိုရ်ချမ်းသာ"အေဂျင်စီက အလုပ်သမား ၅၀ ဦး၊ "ပေါ်ပြူလာလန်း"အေဂျင်စီက  ၅၅ ဦး၊ "ဂိုဆဲဗားဒိုင်းမွန်း"အေဂျင်စီက  ၃၀ ဦးနှင့် "Libra Life" အေဂျင်စီက  ၁၀ ဦးတို့ကို  စေလွှတ်ခဲ့သည်။

ထို့အပြင် "Direct Resources" အေဂျင်စီက အလုပ်သမား  ၈၀ ဦး ၊ "ဇင်ဝင်းထွန်း ၉၉၉" အေဂျင်စီက  ၁၀၂ ဦး၊ "မိုးသစ်ယံ" အေဂျင်စီက  ၁၁၇ ဦး၊ "မင်းဘုန်းမြတ်အောင်" အေဂျင်စီက  ၂၀ ဦးနှင့် "Future Boss (Myanmar)" အေဂျင်စီက  ၁၀ ဦးကိုလည်း စေလွှတ်ခဲ့သည်။

ယခုလို မြန်မာ MoU အလုပ်သမားများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ မြဝတီ-မဲဆောက် လမ်းကြောင်းက တဆင့် ပုံမှန် စေလွှတ်နေခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးထံက သိရ သည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required