မတ္တရာမြို့အရှေ့ခြမ်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် တိုက်ခိုက်

By 008(မဇ္ဈိမ)
15 November 2023
မတ္တရာမြို့အရှေ့ခြမ်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် တိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ကင်း​ကျေးရွာနှင့်ကျောက်ဆည်လေးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နိုဝင်ဘာ ၁၅ ရက် ယနေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့  နံနက် ၁၁ နာရီခန့်အချိန်တွင် စစ်​ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ကင်းကျေးရွာသားတဦးက ပြောသည်။

"ကင်းရွာအရှေ့ဘက် တောင်ကုန်းပေါ်ကိုပစ်တာပဲ။ အထိအခိုက်တော့မရှိဘူး။ တောင်ကုန်းက ရွာနဲ့ကပ်နေတာ၊ အဲဒီနားမှာရှိတဲ့ အိမ်တွေတော့ နည်းနည်းထိတယ်။ သေချာတော့ ဘာမှမသိသေးဘူး။ ကျောက်ဆည်လေးဘက်လည်း တောအုပ်ထဲပစ်သွားတယ်။"ဟု ဒေသခံတဦးက ပြောသည်။

ယခုလာရောက်တိုက်ခိုက်ခံရသော ကင်းကျေးရွာပတ်ချာလည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြတ်သန်းသွားလာခြင်းလည်းမရှိကြောင်း ဒေသခံတဦးက ဆိုသည်။

"ဘာကြောင့်ရွာကို မဲတာလည်းတော့မသိဘူး။ ကျွန်တော်တို့ဘက် မှာတိုက်ပွဲဖြစ်သံလည်း မကြားဘူး။ စစ်တပ်က စစ်ကြောင်းထိုးတာပဲရှိတယ်။ကာကွယ်ရေးဘက်က ကလေးတွေက ဖြတ်လာတာတောင် မတွေ့ဘူး။"ဟု ကင်းရွာသားတဦးက ပြောသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ကင်းကျေးရွာ၊​ ကျောက်ဆည်လေး​ကျေးရွာနှင့် ကျောက်တံတားကျေးရွာတို့မှ ဒေသခံတချို့ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

"ထပ်လာမှာဆိုတော့ တချို့လည်း ရွာမှာမနေရဲတော့ နီးစပ်ရာ ထွက်ပြေးတာတွေရှိတယ်။ ကျန်တဲ့လူတွေကတော့ အခြေအနေကြည့်နေတဲ့သဘောပဲ။"ဟု ဒေသခံက ပြောသည်။

မတ္တရာမြို့နယ်အတွင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ မဇ္ဈိမကမေးမြန်ရာတွင် လတ်တလော ဖြစ်စဥ်များကို ဖြေကြားရန် ခက်ခဲကြောင်းဆိုသည်။

"သတင်းထုတ်ပြန်တာ စောင့်ပေးပါ။ စစ်ရေးအခြေအနေက ပြောဖို့ခက်ခဲပါတယ်။ ပြည်သူတွေ ဝမ်းသာရမယ့် သတင်းတွေကြားရပါလိမ့်မယ်။"ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

လက်ရှိတွင် စစ်​ကောင်စီစစ်ကြောင်းတခု ကင်းကျေးရွာဘုန်းကြီး​ကျောင်းတွင် ရောက်ရှိနေပြီး အင်အား ၅၀​ ကျော်ရှိကြောင်း ဒေသခံတဦးကဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required