လွိုင်ကော်တက္ကသိုလ်မှ စစ်ကောင်စီတပ် လက်နက်ချသည့် ရုပ်သံမှတ်တမ်း KNDF ထုတ်ပြန်

By ဂျူချန်း(မဇ္ဈိမ)
15 November 2023
လွိုင်ကော်တက္ကသိုလ်မှ စစ်ကောင်စီတပ် လက်နက်ချသည့် ရုပ်သံမှတ်တမ်း KNDF ထုတ်ပြန်

လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်းမှ တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချ အညံ့ခံလာသည့်ရုပ်သံမှတ်တမ်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF  ယနေ့ နိုဝင်ဘာလ ၁၅ရက် ညနေတွင်ထုတ်ပြန်သည်။

တက္ကသိုလ်ဝင်းအတွင်းတပ်စွဲထားသည့် တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့များကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က နိုဝင်ဘာ ၁၃ ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်သားများက နိုဝင်ဘာ ၁၄ ရက် ညနေတွင် လက်နက်ချ အညံ့ခံလာခြင်းဖြစ်သည်။

 ရုပ်သံဖိုင်အတွင်းတွင် KNDF ဒုစစ်ဦးစီးချုပ် မာဝီက စစ်ကောင်စီတပ်သားများကို အလံဖြူထောင် လက်နက်ချရန် တိုက်တွန်းနေပြီး တက္ကသိုလ်ဝင်းအတွင်းမှ စစ်ကောင်စီတပ်သားများထွက်လာသည်ကို မြင်တွေ့ရသည်။ ဒဏ်ရာရသူများကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များက  ဆေးကုသပေးနေသည်ကိုလည်း ရုပ်သံဖိုင်တွင် မြင်တွေ့ရသည်။

နိုဝင်ဘာ ၁၃ ရက်နေ့နှင့် နိုဝင်ဘာ ၁၄ ရက်နေ့ တိုက်ပွဲအတွင်း ခမရ( ၄၂၅) မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၁၀ ကျော်သေဆုံးခဲ့ကြောင်း KNDF ကယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် တက္ကသိုလ်ဝင်းအတွင်း နောက်ဆုံးကျန်ရှိနေသည့် တပ်ခွဲမှူးကောင်းမြတ်ကို ဦးစီးသည့် စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်သည်။

သုံ့ပန်းများကို KNDF ၏ စစ်ဖက်ဆိုင်ရာဥပဒေ နှင့် သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများပါ အပြည့်အဝပေး၍ ထိန်းသိမ်းထား‌ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly