မြင်းခြံမြို့ ပျားရွာမှာ စစ်ကောင်စီတပ်က ၃ နှစ်အရွယ် ကလေးနှင့် အမျိုးသား ၅ ဦးကို သတ်ဖြတ် ရွာမီးရှို့

By MTO (မဇ္စျိမ)
09 November 2023
မြင်းခြံမြို့ ပျားရွာမှာ စစ်ကောင်စီတပ်က ၃ နှစ်အရွယ် ကလေးနှင့် အမျိုးသား ၅ ဦးကို သတ်ဖြတ် ရွာမီးရှို့
ပုံအညွှန်း - စစ်ကောင်စီတပ်ဖွဲ့ က ကျေးရွာတစ်ရွာအားမီးရှို့ဖျက်စီးနေသည်ကိုတွေ့ ရစဉ် (ပုံဟောင်း)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ပျားရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး သုံးနှစ်အရွယ်ကလေးငယ် တဦးအပါအဝင်  အမျိုးသားပြည်သူ ငါးဦးကို သတ်ဖြတ်သွားကာ ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ  ၇ ရက်နေ့ မနက်အစောပိုင်းတွင် ပဲကြီးခင်းရွာမှ ထွက်လာသောစစ်ကောင်စီတပ်ဖွဲ့ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား ပျားရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာအတွင်းသို့ ဝင်ရောက်စီနင်းပြီး ပြည်သူများကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း မြင်းခြံ ပကဖ မှ သတင်းတာဝန်ခံက ပြောသည်။

“ တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ စစ်ကူတွေလည်းရောက်လာတယ်၊ ပြီးတော့ ပျားရွာထဲကို ဝင်ပြီး ရွာထဲက အမျိုးသား တဦး၊ ဘုန်းကြီးကျောင်းထဲက အမျိုးသား နှစ်ဦး ဓားစားခံအဖြစ်ဖမ်းပြီး၊ တောတွေထဲ ထွက်ပြေးသွားတဲ့ လူတွေကို လိုက်ပစ်တာ သုံးနှစ်အရွယ် ကလေးကို ချီပြီးထိုင်နေတဲ့ အမျိုးသမီး တဦး ကျည်ထိမှန်ပြီး ကလေးငယ်က ဦးခေါင်းကျည်ထိပြီး သေသွားတယ်” ဟု ပြောသည်။

ယင်းအပြင် ဖမ်းဆီးထားသည့် အမျိုးသား သုံးဦးနှင့် နောက်ထပ် ကွမ်းခြံလုပ်သား နှစ်ဦးတို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာလ ၇ ရက် ညနေပိုင်းတွင် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း မြင်းခြံ ပကဖ မှ သတင်းတာဝန်ခံက ဆိုသည်။

၎င်းက "သတ်ဖြတ်သွားတာ တကယ့်ကို ရက်ရက်စက်စက်ပဲ လည်းပင်းတွေကို နောက်ကျောတွေကို အကုန်လုံးကို ဓားတွေနဲ့ မွှန်း သတ်ဖြတ်ပြီး ကွမ်းခြံထဲက နောက်ချေးပုံထဲ မြုပ်သွားတာ” ဟုပြောသည်

အလားတူ စစ်ကောင်စီတပ်ဖွဲ့ သည် ပျားရွာအတွင်းက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ပေါင်း ၃၇ လုံးအထိ မီးလောင်ပျက်စီးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

ယင်းနောက် ပျားရွာအတွင်းတွင် ညအိပ်တပ်စွဲပြီး နိုဝင်ဘာလ ၈ ရက်နေ့ မနက်အစောပိုင်းတွင် ကျေးရွာအတွင်းမှ ထွက်ခွာသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်လည်း မြင်းခြံမြို့နယ် ကိုင်းတောင်ရွာတွင် ရှိသည့် ပျူစောထီးအဖွဲ့ ဝင်များကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။

စာတည်း -သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required