ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ပထမအကြိမ် အထူးစစ်ဆင်ရေးသင်တန်းဆင်း

By ပါခွီး(မဇ္စျိမ)
10 November 2023
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ပထမအကြိမ် အထူးစစ်ဆင်ရေးသင်တန်းဆင်း

ပထမအကြိမ် အထူးစစ်ဆင်ရေးသင်တန်းကို အောင်မြင်စွာ ပြုလုပ်ပြီးမြောက်ခဲ့ကြောင်း ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ Chin State People’s Police Force (CSPPF) က ယမန်နေ့ နိုဝင်ဘာလ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။

သင်တန်းကို နှစ်လကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း ဆရာနှစ်ဦးက ကိုယ်လုံပညာရပ်များနှင့် အထူးစစ်ဆင်ရေး ပညာရပ်များကို ပို့ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကိုယ်လုံပညာနဲ့ အထူးစစ်ဆင်ရေးပိုင်းကို အဓိက သင်တန်းပေးရတဲ့ အကြောင်းအရင်းကတော့ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ အထူးစစ်ဆင်ရေး ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူ့လုံခြုံရေးတာဝန် ထမ်းဆောင်ရင်း လိုအပ်ရင် လိုအပ်သလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်” ဟု  ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ CSPPF ရဲချုပ်ဖြစ်သူ စတီဗင်ထရမ်းနွန်ဗြား( Steven Thian Nung Bia) က မဇ္စျိမ ကိုပြောသည်။

သင်တန်းသားများမှာ ချင်းပြည်နယ် မြို့နယ်အနှံ့မှလာရောက်၍ သင်တန်းတက်‌ရောက်ကြခြင်းဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သည့်နေရာများတွင် တာဝန်ထမ်းဆောင်သွားကြမည်ဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့မှာ ဘတ်ဂျက်(ငွေကြေးကြောထောက်နောက်ခံ)မရှိတဲ့အတွက် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ အသိမိတ်ဆွေတွေနဲ့ ဆွေမျိုးတချို့တွေစီက ငွေချေးပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ အကြွေးလည်း အများကြီးတင်သွားပါတယ်။ အခုလိုအကြွေးတင်သွားပေမဲ့လည်း အခုလိုအောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ကျေနပ်ပါတယ်”ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ CSPPF ရဲချုပ်က ပြောသည်။

CSPPF အနေဖြင့် ချင်းပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီး အားသာချက် အားနည်းချက်များလည်း ရှိနေကြောင်း ဆိုသည်။

နိုင်ငံနှင့်အဝန်း ထိုးစစ်များ အရှိန်မြှင့်တင်လာချိန်တွင် တော်လှန်ရေးအောင်မြင်ရန် နီးကပ်လျက်ရှိနေသောကြောင့် ပြည်သူများအနေဖြင့် ဆက်လက်အားတင်းထားကြရန် Steven Thian Nung Bia က တိုက်တွန်းအားပေးထားသည်။

၎င်းအနေဖြင့် ရဲချုပ်တာဝန်ကို တော်လှန်ရေးကာလတွင် မူဝါဒနှင့် ဖွဲ့စည်းပုံအရ ဆောင်ရွက်နေခြင်းဖြစ်ပြီး တော်လှန်ရေးအောင်မြင်ပြီးနောက် ဖြစ်ပေါ်လာသောအစိုးရမှ ရွေးချယ်သောရဲချုပ်ကို ပြန်လည်ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ (CSPPF) ကို ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့က ထောက်ခံ အသိအမှတ်ပြုထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ ရဲတပ်ဖွဲ့နှင့် လက်တွဲပြီး တရားဥပဒေစိုးမိုးရေး ၊ လေ့ကျင့်သင်ကြားရေး၊ သတင်းဖလှယ်ရေး ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရုပ်သံအညွှန်း - ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ အထူးစစ်ဆင်ရေးသင်တန်းတွင် လေ့ကျင့်နေစဥ်
ရုပ်သံ -  Chin State People’s Police Force (CSPPF)

စာတည်း။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required