ရိဒ်ခေါရ်ဒါစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်

By ပါခွီး (မဇ္စျိမ)
13 November 2023
ရိဒ်ခေါရ်ဒါစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်

အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ်ရှိ ရိဒ်ခေါရ်ဒါစခန်းကို နိုဝင်ဘာလ ၁၃ ရက် ယနေ့နံနက် ပိုင်းတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း မှ တိုက်ခိုက်မှုပြုနေလုပ်သည်ဟု ချင်းတော်လှန်ရေးတပ်သားထံမှ သိရသည်။

“တိုက်ပွဲကတော့ မနေ့ညနကတည်းကဖြစ်တာ၊ အခုထိပစ်နေကြတုန်း၊ ရိဒ်စခန်းတော့ရပြီ၊ ခေါမွိုင်းစခန်း ကို တိုက်နေတုန်းပဲ၊  အသေးစိတ်ကိုတော့ တာဝန်ရှိတဲ့သူ ထုတ်ပြန်ပါလိမ့်မယ်” ဟု ချင်းတော်လှန်ရေး တပ်သားတဦးက မဇ္စျိမကိုပြောသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းဆည်းထားသောစခန်းကို ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ပစ်ခတ်သွားသည်ဟု ဆိုသည်။

“အခုပဲ လေယာဥ်နဲ့ ဗုံးလာချသွားတယ်၊ အိမ်တောင်တုန်သွားတာပဲ။ တံခါးတွေလည်း လှုပ်သွားတယ်၊ အတော်ကြမ်းတာပဲ” ဟု အိန္ဒိယဖက်ခြမ်းတွင် နေထိုင်သည့် မြန်မာနိုင်ငံသားတဦးက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ ကျော်ခန့်ဖြင့် တပ်စွဲထားသည့် ရိဒ်ခေါရ်ဒါစခန်းနှင့် ခေါမွိုင်းစခန်းတို့ ကို ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF – Huanlngoram နှင့် ထန်တလန်ဒရုန်းတပ်ဖွဲ့တို့က နိုဝင်ဘာ လ ၁၂ ရက်နေ့ ညနေ ၄ နာရီမှစ၍ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ရိဒ်ခေါရ်ဒါစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ကြောင်းသိရပြီး ခေါမွိုင်းစခန်းကို ဆက်လက်တိုက် ခိုက်နေကြောင်း မီဇိုရမ်ပြည်နယ်တွင် ထုတ်လွှင့်သည့် LPS သတင်းဌာနက ယနေ့ နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ကြေညာသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကပစ်ခတ်သော RPG လက်နက်ကြီးကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည် နယ်၊ ဇိုးခွားထာလ်တွင်စစ်ဘေးတိမ်းရှောင်နေသော အသက် ၁၂ အရွယ် ယောကျ်ားလေးတဦးနှင့် အသက် ၆၇ နှစ် အရွယ်အမျိုးသမီးတဦး ဒဏ်ရာရရှိထားကြောင်း အဆိုပါသတင်းဌာနက ဆိုသည်။

တိုက်ပွဲပြင်းထန်နေပြီး မြူခိုးများဖုန်းလွှမ်းနေသော်လည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင်ဗုံးလာချသွားပြီး MI 35 ရဟတ်ယာဥ်ဖြင့် ထပ်မံလာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ် ကပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် မြန်မာနိုင်ငံဖက်ခြမ်း ခေါမွိုင်းရှိ ဒေသခံပြည်သူ ၂,၀၀၀ ကျော် မီဇိုရမ်ဘက်သို့ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှ စတင်ဝင်ရောက်လာနေပြီး ၎င်းတို့ကို မီဇိုလူငယ်အသင်း(YMA) က ကြိုဆိုနေရာချထားပေးကြောင်း သိရသည်။

နှစ်ဖက်အထိအခိုက်များရှိကြောင်း ကြားသိရပြီး  တိုက်ပွဲအခြေအနေအသေး စိတ်သိရှိနိုင်ရန် မဇ္စျိမ အနေ ဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

ရုပ်သံအညွှန်း-စစ်ကောင်စီတပ်လေတပ်က ဗုံးကြဲတိုက်ခိုက်စဥ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required