မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၁၄လုံးပျက်စီး

By ကိုခင်မောင်(မဇ္စျိမ)
11 November 2023
မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၁၄လုံးပျက်စီး
ပုံအညွန်း။ ။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်များ  ဓာတ်ပုံ။  ။ ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ် ၁၄လုံး ပျက်စီးသွားကြောင်း ဒေသခံများနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ် ( CDF- Mindat) ထံက သိရသည်။

နိုဝင်ဘာလ ၇ ရက် မှစ၍ ယနေ့နိုဝင်ဘာလ ၁၁ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်နှင့် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄) တပ်ရင်းမှ မင်းတပ်မြို့နယ်၊ တိုက်နယ် (၂)ရှိ ကျေးရွာများဘက်သို့ ၁၂၀ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ကိုးကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

“ဘာတိုက်ပွဲမှ မရှိဘဲ မြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို ရည်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာပါ။ လူထိခိုက်မှုတော့ မရှိဘူး” ဟု အမည်မဖော်လိုသူ ဒေသခံသတင်းရင်းမြစ်တဦးက ပြောသည်။

ပုံအညွန်း။ ။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်များ  ဓာတ်ပုံ။  ။ ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်

ယနေ့ နိုဝင်ဘာလ ၁၁ရက် နံနက် ၁၀နာရီ ၃၀မိနစ်အချိန်တွင် မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းမှ ၁၂၀မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် မင်းတပ်မြို့နယ် ၊ တိုက်နယ် (၂)ရှိ ဘုရားစခန်းရွာ၊ မရှိန်းလှော်ရွာ၊ ဝမ္မသူးရွာစသည့် ကျေးရွာများဘက်သို့  ခြောက်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ၎င်းဒေသခံထံမှ သိရသည်။

ထိုပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ဆိုသည်။

ပုံအညွန်း။ ။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်များ  ဓာတ်ပုံ။  ။ ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်

ယမန်နေ့ နိုဝင်ဘာ ၁၀ရက် နံနက် ၁၁ နာရီ ၁၅မိနစ်အချိန်တွင်  မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းမှ ၁၂၀ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မရှိန်းလှော်ရွာမှ နေအိမ်တလုံးပျက်စီးသွားသည်ဟု ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

ထို့အပြင် နိုဝင်ဘာလ ၇ရက် ညနေ ၃နာရီ ၃၀မိနစ်အချိန်တွင် စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်၊  မကွီအိမ်နူးမြို့တွင်းသို့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ လူနေအိမ် ၁၃ လုံး ၊ဘာသာရေး အဆောက်အအုံ လေးလုံး၊ စာသင်ကျောင်းဆောင် နှစ်ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ် ( CDF- Mindat)က ထုတ်ပြန်သည်။

ပုံအညွန်း။ ။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်များ  ဓာတ်ပုံ။  ။ ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်

ထိုတိုက်ခိုက်မှုအတွင်း ဒေသခံသုံးဦး  မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး  နီးစပ်ရာဆေးခန်းများတွင်  ကုသနေမှုခံယူနေရသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်မှ တာဝန်ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည် နိုဝင်ဘာလ ၄ ရက်တွင်လည်း  စစ်ကောင်စီတပ်က မင်းတပ်မြို့နယ် (၁၆) မိုင်နှင့် ပန်းစခန်းကြားရှိ အများပြည်သူသွားလမ်းကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြင့် ဗုံးခြောက်လုံးကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်သုံးလုံး ပျက်စီးခဲ့သေးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်ထံမှ သိရသည်။

စာတည်း ။        ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly