မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်

By ပါခွီး(မဇ္စျိမ)
05 November 2023
မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်
ပုံအညွှန်း - စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်မှုကြောင့်ပျက်စီးမှုများ ၊ ဓါတ်ပုံ - CDF - Mindat

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်က လေယာဥ်ဖြင့်ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ချင်းကာ ကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မင်းတပ်မြို့နယ် (၁၆)မိုင်နှင့် ပန်းစခန်းအကြားရှိ အများပြည်သူသွားလာသည့် လမ်းကို လေကြောင်းမှနှစ်ကြိမ်လာရောက်၍ ဗုံးခြောက်လုံးကြဲချခဲ့ရာ လမ်းဘေးရှိ လူနေအိမ်သုံးလုံး ပျက် စီးခဲ့ကြောင်း သိရသည်။

ပုံအညွှန်း - စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်မှုကြောင့်ပျက်စီးမှုများ ၊ ဓါတ်ပုံ - CDF - Mindat

“အဲဒီနေရာက ရွာဖက်သွားတဲ့လမ်း၊ လူစုလူဝေးအမြဲဖြစ်တဲ့လမ်းဆိုတော့ အဲဒီနားမှာ လူတွေရှိမယ်ထင် ပြီးကြဲတာနေမယ်” ဟု CDF – Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ဌာနမှူး ဇလပ်သွေးက မဇ္စျိမကို ပြောသည်။

လမ်းဆုံဖြစ်သော အဆိုပါနေရာတွင် ယခင်က ဈေးဆိုင်များဖွင့်ပြီး နေထိုင်ခဲ့ကြသော်လည်း ယခုနှစ်တွင် ခရီးသွားကြဲပါးသဖြင့် လူနေထိုင်ခြင်း မရှိကြောင်း ဆိုသည်။

ပုံအညွှန်း - စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်မှုကြောင့်ပျက်စီးမှုများ ၊ ဓါတ်ပုံ - CDF - Mindat

စစ်ကောင်စီတပ်သည် လေကြောင်းမှ တိုက်ခိုက်မှုအပြင် မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) မှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှု ငါးကြိမ်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံအညွှန်း - စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်မှုကြောင့်ပျက်စီးမှုများ ၊ ဓါတ်ပုံ - CDF - Mindat

အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၂၃ ကြိမ်ပြုလုပ်ခဲ့ရာ လူနေအိမ်ခြောက်လုံး၊ ဆိုင်ကယ်နှစ်စီး ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်ငါးကောင် သေဆုံးခဲ့ကြောင်း၊ ဒေသခံ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတဦးကို ဖမ်းဆီးခဲ့ ရာ အမျိုးသမီးမှာ ပြန်လည်လွတ်မြောက်လာသော်လည်း အမျိုးသားတဦး ဆက်လက်ချုပ်နှောင်ခံနေရပြီး အခြားတဦးသေဆုံးခဲ့ကြောင်း CDF – Mindat က နိုဝင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly