ကနေဒါနိုင်ငံ ဘုရင်ခံချုပ်နဲ့ NUG အစိုးရ တာဝန်ရှိသူတွေနဲ့ တို့တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေး

By Spring
07 November 2023
ကနေဒါနိုင်ငံ ဘုရင်ခံချုပ်နဲ့ NUG အစိုးရ တာဝန်ရှိသူတွေနဲ့ တို့တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေး

အမျိုးသား ညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေနဲ့ ကနေဒါနိုင်ငံ ဘုရင်ခံချုပ် အပါအဝင် လွှတ်တော် အမတ်များ တာဝန်ရှိသူ နဲ့တွေ့ဆုံကာ မြန်မာ့ အရေးဆိုင်ရာ ကိစ္စများ ဆွေးနွေး ခဲ့ကြောင်း NUG အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေနဲ့ ၂၆ ဆက်မြောက် ကနေဒါ ဘုရင်ခံချုပ် Right Honourable Adrienne Clarkson နဲ့ PEN International အဖွဲ့ရဲ့ ဥက္ကဋ္ဌ၊ ကနေဒါနိုင်ငံသားဆိုင်ရာ အင်စတီကျူ (Institute for Canadian Citizenship) ပူးတွဲတည်ထောင်သူနဲ့ ပူးတွဲဥက္ကဋ္ဌဖြစ်သူ John Ralston Saul တို့တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲဒီတွေ့ဆုံပွဲမှာ NUG လူ့အခွင့်အရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ သမ္မတအကြံပေးနဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တို့ တက်ရောက်ခဲ့ကြတာပါ။

တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ လက်ရှိ အခြေအနေတွေအပြင် ရိုဟင်ဂျာ အရေးကိစ္စတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါ တယ်။

မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေအပေါ် ဆက်လက် ထောက်ခံအားပေးနေတာနဲ့ပတ်သက်ပြီး ကနေဒါဘုရင်ခံချုပ်ကို NUG တာဝန်ရှိသူတွေက ကျေးဇူးတင်စကားပြောခဲ့ကြပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့နဲ့၂၆ ရက်၊ နိုဝင်ဘာလ ၁ ရက်နေ့တို့မှာ NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ သမ္မတအကြံပေးနဲ့သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့ဟာ ကနေဒါ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့မှ လွှတ်တော်အမတ် များ၊ မြန်မာ့အရေးဆိုင်ရာ လွှတ်တော်အဖွဲ့အစည်းများမှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတဝန်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ဖမ်းဆီး သတ်ဖြတ် ကျူးလွန်မှုများအတွက် တာဝန်ယူမှု ရှိစေရေး၊ အရပ်သားများအပေါ် ဥပဒေနဲ့အညီ အကာအကွယ်ပေးရေး၊ ဒေသန္တရအုပ်ချုပ်ရေး၊ လူသားစာနာမှုအကူအညီဆိုင်ရာနဲ့ NUGနဲ့ နွေဦးတော်လှန်ရေးတို့အပေါ် ကနေဒါနိုင်ငံရဲ့ ထောက်ခံအားပေးမှု တဲ့ ကိစ္စရပ်များအပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့လည်းဆိုထားပါတယ်။

အားလုံးပါဝငတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများအပေါ် လေးစားကြောင်း၊ ကနေဒါ အထက်လွှတ်တော် မှာ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်းနဲ့ အနာဂတ်မှာလည်း ပူးပေါင်း ဆောင်ရွက် သွားမှာဖြစ်ကြောင်း ကနေဒါအထက်လွှတ်တော်အမတ်များက ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly