မြန်မာမြောက်ပိုင်း တိုက်ပွဲများကြောင့် နေရပ်ရွှေ့ပြောင်းသူ ၅၀,၀၀၀ နီးပါးရှိဟု ကုလသမဂ္ဂ ပြော

By The Straits Times
10 November 2023
မြန်မာမြောက်ပိုင်း တိုက်ပွဲများကြောင့် နေရပ်ရွှေ့ပြောင်းသူ ၅၀,၀၀၀ နီးပါးရှိဟု ကုလသမဂ္ဂ ပြော
Photo-AFP

လွန်ခဲ့သော သီတင်းပတ်က တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အုပ်စု၏ ထိုးစစ်များ ဆင်နွှဲသည့်နောက်တွင် မြန်မာနိုင်ငံ မြောက်ပိုင်း တိုက်ပွဲများကြောင့် နေရပ်ရွှေ့ပြောင်းရသူပေါင်း ၅၀,၀၀၀ နီးပါး ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောသည်။

တရုတ်နယ်စပ်အနီး ရှမ်းမြောက်တလွှားတွင် တိုက်ပွဲများက သီတင်းနှစ်ပတ်ကြာ ဖြစ်ပွားနေခြင်း ဖြစ်ကာ စစ်တပ်အတွက် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း အကြီးဆုံးသော စစ်ရေးစိန်ခေါ်မှု ဖြစ်ကြောင်း အကဲဖြတ်များက ပြောကြသည်။

အာဏာသိမ်း စစ်တပ်၏ တပ်စခန်းများ ဒါဇင်များစွာကို သိမ်းပိုက်ထားကာ တရုတ်သို့ အရေးပါသည့် ကုန်သွယ်လမ်းကြောင်းကိုလည်း ပိတ်ဆို့ထားသည်ဟု MNDAA၊ TNLA နှင့် AA တို့က ပြောသည်။

“နိုဝင်ဘာ ၉ ရက်အထိ ရှမ်းမြောက်မှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူပေါင်း ၅၀,၀၀၀ နီးပါး ရှိပါတယ်”ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရး ညှိနှိုင်းဆောင်ရွက်မှုရုံး( Unocha )က ထုတ်ပြန်သည်။

စစ်တပ်၏ အရှေ့မြောက်ပိုင်း ကွပ်ကဲရေးဌာန အခြေစိုက်ရာ လားရှိုးမြို့အပြင်ဘက်တွင် အင်တာနက်နှင့် ဖုန်းများ ပြတ်တောက်နေပြီး တိုက်ပွဲများအား လူသားချင်း စာနာထောက်ထားရေး ဆောင်ရွက်ရန် ခက်ခဲနေကြောင်း Unocha က ဆိုသည်။

ဌာနေ လူသားချင်း စာနာထောက်ထားရေး အဖွဲ့များ၏ အကူအညီများ ပေးပို့ရန် အားထုတ်မှုများက သယ်ယူပို့ဆောင်ရေး ကန့်သတ်ချက်များနှင့် ငွေကြေး ရရှိနိုင်မှု အခြေအနေတို့ကြောင့် ခက်ခဲရသည်ဟု ဖြည့်စွက်ဆိုသည်။

အနီးကပ်လျက် စစ်ကိုင်းနှင့် ကချင်ပြည်နယ်တွင်လည်း နိုဝင်ဘာ အစောပိုင်းမှစကာ စစ်တပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲများကြောင့် နောက်ထပ် နေရပ်ရွှေ့ပြောင်းရသူပေါင်း ၄၀,၀၀၀ ရှိသည်ဟု Unocha က ပြောသည်။

အံ့အားသင့်ဖွယ် ထိုးစစ်နှင့် ပတ်သက်ကာ စစ်တပ်က အနည်းငယ်သာ မှတ်ချက်ပေးသော်လည်း အာဏာသိမ်း စစ်ကောင်စီ ခန့်အပ်သည့် သမ္မတက တိုက်ပွဲများကို စစ်တပ်က “မထိန်းချုပ်” နိုင်ပါက နိုင်ငံသည် အစိတ်စိတ် ကွဲသွားလိမ့်မည်ဟု ယခု သီတင်းပတ် အစောပိုင်းတွင် ပြောသည်။

တရုတ်ဆီ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပေးပို့ရာ ပိုက်လိုင်းအခြေစိုက်သော ဒေသသည် တောထူထပ်ပြီး သီးခြားဖြစ်နေကာ ဆက်သွယ်ရေးမှာလည်း ကွက်ကြား ရရှိခြင်းကြောင့် သေဆုံးထိခိုက်မှု သတင်း အတည်ပြုရန် ခက်ခဲသည်။

စစ်ကောင်စီ၏ အဓိက မဟာမိတ်ဖြစ်ပြီး လက်နက်ထောက်ပံ့သည့် တရုတ်နိုင်ငံက မြန်မာနိုင်ငံက တိုက်ပွဲများကြောင့် တရုတ်ပြည်သူ ထိခိုက်မှု ရှိကြောင်း အင်္ဂါနေ့က အတည်ပြုသည်။

ထိခိုက်သည် ဆိုသည်မှာ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းလား ဆိုခြင်းနှင့် မည်သည့်အရပ်၌ ဖြစ်ပွားသည်ဆိုခြင်းကိုမူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခြင်း မရှိပေ။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly