မြန်မာရှိ ရိုဟင်ဂျာများနှင့် အခြား လူနည်းစုများကို ကာကွယ်ရန် ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်း

By မဇ္ဈိမ 
01 September 2023
မြန်မာရှိ ရိုဟင်ဂျာများနှင့် အခြား လူနည်းစုများကို ကာကွယ်ရန် ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်း
(File) Rohingya Muslims assists an elderly woman as they enter Bangladesh near the Bangladesh-Myanmar border in Teknaf, Bangladesh, 04 September 2017. Photo: EPA

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများနှင့် စည်းလုံးညီညွတ်မှုကို ပြသရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မကြာသေးခင်က ထုတ်ပြန်ချက်တွင် တိုက်တွန်းသည်။

၂၀၂၂ ဩဂုတ် ၁၅ ရက်မှ ၂၀၂၃ ဩဂုတ် ၁၄ ရက် ကာလကို လွှမ်းခြုံသော “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေ” ကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အားအနည်းဆုံး ပြည်သူများ၏ အသံများကို နားဆင်ရန် ပိုမို အခွင့်အလမ်းများ ဖန်တီးရေးကိုလည်း ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်းသည်။ မြန်မာနိုင်ငံက အကျပ်အတည်း ဖြေရှင်းရေး အာဆီယံ၏ အားထုတ်မှုများ ပြည့်မြောက်ရေးတွင် အခရာကျသည့် အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့က မြန်မာပြည်သူများကို ထောက်ပံ့ရန် အရေးပါသည့် လမ်းကြောင်းအဖြစ် ရှိနေဆဲ ဖြစ်သည်။

ယခု အစီရင်ခံစာတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်သော မြန်မာစစ်တပ်၏ လူမဆန်သည့် နှိပ်ကွပ်မှု သတင်းများ အပါအဝင် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းချိန်မှနောက်ပိုင်း ကလေးများ အပါအဝင် လူ ထောင်ပေါင်းများစွာ သတ်ဖြတ်ခံရကြောင်းကိုလည်း ဖော်ပြထားသည်။

ထိုပြင် ၂၀၂၁ ဖေဖော်ဝါရီမှစကာ မြန်မာနိုင်ငံမှ ထွက်ပြေးပြီး နိုင်ငံပြင်ပတွင် ခိုလှုံနေရသူ မြန်မာပြည်သူ ၆၄,၀၀၀ ကျော် ရှိပြီး ပြည်တွင်းနေရပ်ရွှေ့ပြောင်းသူပေါင်းက ၁ ဒသမ ၆ သန်းကျော် ရှိကြောင်း အစီရင်ခံစာက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်တွင် တသန်းနီးပါး ရှိနေသည့် ရိုဟင်ဂျာများ အပါအဝင် ပြည်တွင်းနှင့် ပြည်ပသို့ နေရပ်ရွှေ့ပြောင်းရသော ရိုဟင်ဂျာများ၏ ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းရန် မြန်မာစစ်တပ်က ပျက်ကွက်နေကြောင်းလည်း မှတ်ချက်ပြုထားသည်။

ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများနှင့် ညီညွတ်စွာ ဆက်လက်ရပ်တည်သွားပြီး ပြည်သူများ၏ ဒီမိုကရေစီ လိုလားမှုကို ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်က ပြောသည်။ အားလုံးပါဝင်ပြီး ငြိမ်းချမ်းသည့် တရားမျှတသည့် လူ့အဖွဲအစည်းနှင့် ရိုဟင်ဂျာများအပါအဝင် အသိုက်အဝန်းအားလုံးကို ကာကွယ်ပေးရေးကိုလည်း ဆက်လက်ထောက်ပံ့သွားမည်ဟု ဆိုသည်။

ထိုပြင် ရခိိုင်နှင့် မြန်မာအနောက်မြောက်ပိုင်းတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ပြည်သူပေါင်း ၅ ဒသမ ၄ သန်း၏ နေထိုင်ရှင်သန်ရေးသည် အလွန်ခက်ခဲနေကြောင်း၊ ကုလသမဂ္ဂ၏ ဆိုင်ကလုန်းနှင့် ဆက်စပ်သည့် အကူအညီများ ပေးပို့မှုကို စစ်တပ်က တားမြစ်နေခြင်းနှင့် လူသားချင်း စာနာထောက်ထားရေး အဖွဲ့များ၏ ခရီးသွားလာခွင့်ကို ယာယီတားမြစ်ခြင်းတို့ကြောင့် အခြေအနေများ ပိုဆိုးဝါးရကြောင်း ကုလသမဂ္ဂ အကြီးအကဲက အလေးထားပြောသည်။

မြန်မာစစ်တပ်နှင့် အားလုံးသော အဖွဲ့အစည်းများအနေဖြင့် အရပ်သားများအား ကာကွယ်ရေး နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး ဥပဒေအောက် ကတိကဝတ်များကို လေးစားရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားကဲ့သို့သော ဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံအား လာရောက်ခွင့်များ လမ်းဖွင့်ပေးရန် မြန်မာစစ်တပ်ကိုလည်း တိုက်တွန်းခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly