ကောလင်းမြို့သိမ်းတိုက်ပွဲ  စစ်ကောင်စီတပ်သား ၅၀ ခန့်သေဆုံး၊ ၂၁ ဦးလက်နက်ချ

By ရွှေနွယ်( မဇ္ဈိမ )
10 November 2023
ကောလင်းမြို့သိမ်းတိုက်ပွဲ  စစ်ကောင်စီတပ်သား ၅၀ ခန့်သေဆုံး၊ ၂၁ ဦးလက်နက်ချ
ပုံအညွန်း − ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များ/ဓာတ်ပုံ − အမှတ် (၁) စစ်ဒေသ လူမှုကွန်ယက်စာမျက်နှာ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ ၅၀ ဦးခန့်သေဆုံး၍ လက်နက်ချအညံ့ခံသူ စစ်သုံ့ပန်း ၂၁ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ အမှတ်(၁) စစ်ဒေသက နိုဝင်ဘာ ၉ ရက်နေ့ ညတွင် ထုတ်ပြန်သည်။

ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၅ရက်ညတွင် သိမ်းပိုက်နိုင်ခဲ့ပြီးမြို့သိမ်းတိုက်ပွဲအပြီး လေးရက်အကြာတွင် မြေပြင်တိုက်ပွဲအခြေအနေနှင့် ထိခိုက်သေဆုံးမှုများကို MOD အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၄ နာရီမှစတင်ကာ ကောလင်းမြို့ပေါ်ရှိ စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များဖြစ်သော ဒုတိယဗိုလ်မှူးကြီး သက်ပိုင်မြင့် ဦးဆောင်သည့် ခြေမြန်တပ်ရင်း (၃၅၉)မှ စစ်အင်အား ၅၇ ဦးရှိ ကောလင်းမြို့ အထက်တန်းကျောင်းနှင့် ဒုတိယဗိုလ်မှူးကြီးသိန်းဇော်လင်း ဦးဆောင်သည့် ခြေမြန်တပ်ရင်း ခမရ (၁၁၁) ၊ (၁၂၀) မှ အင်အား ၄၀ ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ရဲအင်အား ၆၆ ဦးရှိ ကောလင်းမြို့ရဲစခန်း၊ ရွှေနွယ်ဖြိုးလက်ဖက်ရည်ဆိုင်နှင့် မီးရထားဘူတာတို့အားဦးတည်ကာ တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကောလင်းခရိုင်ကွက်ကဲရေးရုံး၏ ကွပ်ကဲမှုဖြင့် ကောလင်းခရိုင် အမှတ် (၁)၊ (၂) တပ်ရင်း၊ စစ်ကိုင်းတိုင်း ပကဖ၊ ကောလင်းခရိုင်/မြို့နယ် ပကဖနှင့် Federal Wings ပူးပေါင်းအဖွဲ့မှက တိုက်ပွဲများဖော်ဆောင်ခဲ့ပြီးကောလင်းခရိုင် အမှတ် (၃) ၊ အမှတ် (၄) တပ်ရင်းနှင့် ဝန်းသိုမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က ဖြတ်တောက်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ကြကြောင်း ရှင်းပြထားသည်။

နိုဝင်ဘာလ ၅ ရက်ညတွင်အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၅၀ ဦးခန့်သေဆုံး၍ အညံ့ခံသူ စစ်သုံ့ပန်း ၂၁ ဦး ရှိသည်ဟု MOD အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ထားသည်။ ထို့အပြင်စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၆၉ လက်၊ Jammer လေးခု၊ ခဲယမ်းနှင့် ကျည်အမြောက်အမြားသိမ်းဆည်းရရှိခဲ့ကြောင်းနှင့်  တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၄၉ ကြိမ်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကောလင်းမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံး ဦးကျဆုံးခဲ့ကြောင်းလည်း အသိပေးသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများအတွင်း မြို့ခံအရပ်သားသေဆုံးမှုအချို့ရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေဆဲဖြစ်သည့်အတွက် အရပ်သားသေဆုံးမှု အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ကောလင်းမြို့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သည့်မြို့ဖြစ်သည်။ ထို့အပြင် နိုဝင်ဘာ ၇ ရက်နေ့၌ စစ်ကိုင်းတိုင်း၊တမူးခရိုင်၊ခမ်းပတ်မြို့အား ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း NUGက ထုတ်ပြန်ထားသည်။

စာတည်း ။        ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။       ။ အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly