ကရင်နီစစ်ရှောင်စခန်းများ၌ ရာသီတုပ်ကွေးရောဂါအဖြစ်များ

By KMN (မဇ္ဈိမ)
10 November 2023
ကရင်နီစစ်ရှောင်စခန်းများ၌ ရာသီတုပ်ကွေးရောဂါအဖြစ်များ
ပုံအညွှန်း - နိုဝင်ဘာလဆန်းတွင်တွေ့ရသည့် ကရင်နီစစ်ဘေးရှောင်စခန်းတခု (Photo - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် လတ်တ‌လောကာလ၌  ရာသီတုပ်ကွေး ရောဂါ အဖြစ်များနေပြီး လိုအပ်သောကျန်းမာရေးစောက်ရှောက်မှုများပေးနေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ပြောရေးဆိုခွင့်ရှိသူဒေါက်တာအဲလ်ဖရက်ကပြောသည်။      

ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းနယ်စပ် မိုးဗြဲ၊ဖယ်ခုံမြို့များ အပါအဝင် ဒီမော့ဆို၊ဖရူဆိုမြို့နယ်များတွင်  ပြီးခဲ့သည့် အောက်တိုလာလအတွင်း ရာသီတုပ်ကွေးကူးစက်မှုများပြားခဲ့ပြီး စာသင်ကျောင်းတချို့ပိတ်ခဲ့ရသည်။ 

"ဒီမော့ဆိုမြို့နယ် စစ်ရှောင်စခန်း ဆေးခန်းတွေမှာ ရာသီတုပ်ကွေးဖြစ်လို့ နေ့စဉ်ပြသတဲ့သူက အနည်းဆုံး ၃၀ ထက်မနည်းရှိနေတယ်" ဟုကရင်နီလူ့အခွင့်အရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ကရင်နီပြည်နယ်တွင်   ဆေးရုံ ရှစ်ခု၊ဆေးခန်းပေါင်း ၁ဝဝ ကျော်ဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးနေပြီး လက်ရှိကာလ၌  ရာသီတုပ်ကွေးရောဂါ လာရောက်ပြသသူများနေကြောင်းဒေါက်တာအဲလ်ဖရက်က မဇ္ဈိမကို ယမန်နေ့ နိုဝင်ဘာလ ၉ရက်တွင် ပြောသည်။      

ဒေသခံများအနေဖြင့် မိမိတို့အိမ်အနီးမှ ရေအိုင်ငယ်များအားမြေဖို့ရှင်းလင်းရန်၊ ရေစည်များအားအဖုံးဖုံးရန်၊ ရေအိုး၊ ဘုရားပန်းအိုးများပုံမှန်လဲရန်၊ ရေစစ်သုံးစွဲရန်နှင့် အိပ်စက်သည့်အခါ ခြင်ထောင်ထောင်ကြရန် IEC က  တိုက်တွန်းထားသည်။

IEC ၏  ၂၀၂၃ ခုနှစ် စက်တင်ဘာလ ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ်တခုလုံးတွင် စစ်ဘေးရှောင်လူဦးရေ ၂၇၀,၀၀၀ ကျော်ရှိနေပြီး အစားအစာ၊ဆေးဝါးနှင့်နေရာထိုင်ခင်းအတွက် အကူအညီများလိုအပ်နေကြောင်းသိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly