Drone အသုံးပြု တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေရ

Drone အသုံးပြု တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေရ

ရှမ်းပြည်နယ်(အရှေ့မြောက်)ပိုင်းရှိ အချို့သော စစ်ကောင်စီတပ်စခန်းတွေကို ပြောင်းလဲလာတဲ့ စစ်နည်းဗျူဟာများအရ Drone အသုံးပြုပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်နိုင်ဖို့ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁၅ ရက်နေ့က ထုတ်ဖော် ပြောကြားလာပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့  လောက်ကိုင်နားရှိ ရှင်ခုတ်ထန်စခန်းကို ဝင်ရောက်တိုက်ခိုက်ခံရပြီး အမှတ်၂၉ဝ ခြေလျင်တပ်ရင်း တာမိုးညဲကိုလည်း Drop Bomb အလုံးရာချီနဲ့ တိုက်ခိုက်ခံရပြီးနောက် အခုလိုပြောကြားလာတာဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ရှိ စစ်တပ် စခန်းအချို့ကိုလည်းDrone များဖြင် Drop Bomb များပစ်ချတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။

အခုလို တိုက်ခိုက်မှုတွေကြောင့် အချို့သော စခန်းများကို စစ်နည်းဗျူဟာအရ ပြန်လည်ပေါင်းစည်းခဲ့ရပြီး ပြောင်းလဲလာတဲ့ စစ်နည်းဗျူဟာများအရ Drone သုံးပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း၊ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒရုန်းနည်းပညာနဲ့ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာကြောင့် ဒရုန်းဟာ စစ်ကောင်စီတပ်အတွက် အိပ်မက်ဆိုးကြီးတစ်ခုဖြစ်လာတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့တွေကဆိုထားကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ အမဲလိုက် တူမီးကနေ၊ လက်လုပ်သေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်မိုင်း၊ အဲဒီကနေ တစ်ဆင့်တက်ပြီး အဝေးထိန်း ခလုတ်နဲ့ ထိန်းချုပ်တဲ့ ဒရုန်း ခေါ် မောင်းသူမဲ့ယာဉ်ပျံတွေသုံး ပြီး ဗုံးချတိုက်ခိုက်တဲ့အဆင့်ထိ ရောက်ရှိလာတာဖြစ်ပါတယ်။

အခုနှစ်မှာဆိုရင် သုံးလာတဲ့ဒရုန်းအရေအတွက်ပိုများလာသလို၊ စစ်ကောင်စီရဲ့ ဒရုန်းရန် ကာကွယ်ရေးစနစ်တွေကို ကျော်လွှားနိုင်တဲ့အခြေအနေတောင် ရောက်နေပြီလို့ ဒရုန်း တပ်ဖွဲ့ဝင်တွေက ပြောကြားထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြေပြင်စစ်ကြောင်း ထိုးရာမှာ အထိနာလာတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ပြုလုပ်လေ့ရှိပြီး၊ ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ လည်း ဒရုန်းနည်းပညာဖြင့် စစ်ကောင်စီကို ဝေဟင်မှ တန်ပြန်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

အခုဆိုရင် ဒရုန်းတွေဟာ စစ်ကောင်စီတပ် ကြောက်လန့်ရတဲ့အထိ ဗျူဟာမြောက်နေပြီလို့လည်း CDM လို့ခေါ်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်နေတဲ့ ဗိုလ်ကြီးတစ်ဦးကမှတ်ချက်ပြုပြောကြားထားပါတယ်။

 စစ်ကောင်စီဟာ  ဒရုန်းတွေကို ဖြတ်ချနိုင်တဲ့ အဆင့်မြင့်နည်းပညာ Jumper ၊ Drone Killer ၊ Drone Catcher တွေကို  စစ်ကြောင်းထိုးစဉ်သာမက၊ စစ်ကောင်စီအထိုင်စခန်းတွေမှာ ထားရှိကာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်း တိုက်ခိုက်မှုကို ကြိုတင်ကာကွယ်ဖို့  ပိုမိုလုပ်ဆောင်လာကြောင်းလည်း သိရပါတယ်။

ကိုးကန့် MNDAA ၊ တအာင်း TNLA နဲ့ ရက္ခိုင် AA တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ဟာ အောက်တိုဘာလ ၂၇ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့တာဖြစ်ပြီး ကိုးကန့် သတင်းဌာနမှ သတင်းထုတ်ပြန်ချက်အရ  နိုဝင်ဘာ ၁၅ ရက် အချိန်ထိ မဟာမိတ် တပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ တပ်စခန်းအကြီး အသေး စုစုပေါင်း ၁၄၇ ခု သိမ်းပိုက်ရရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required