ကျိုင်းတုံမြို့အနီး၌ ရစ်ခ်စတာစကေး ၅ ဒသမ ၉ အဆင့် ငလျင်လှုပ်၊ လူထိခိုက်မှုမရှိဟုဆို

By ဂျူချန်း(မဇ္ဈိမ)
17 November 2023
ကျိုင်းတုံမြို့အနီး၌ ရစ်ခ်စတာစကေး ၅ ဒသမ ၉ အဆင့် ငလျင်လှုပ်၊ လူထိခိုက်မှုမရှိဟုဆို

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၈နာရီ ၇ မိနစ်အချိန်၌ ရစ်ခ်စတာစကေး ၅ ဒသမ ၉ အဆင့် ငလျင်လှုပ်ခတ်သွားပြီး လတ်တလော စုံစမ်းမှုများအရ လူနှင့်အဆောက်အအုံ ထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။

ငလျင်သည်  ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် ရှစ် မိုင်ခန့်အကွာကို ဗဟိုပြု၍လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

“ကြီးကြီးမားမား ပျက်စီးမှု မရှိပါဘူး။ ကျနော်ဘာမှ မကြားမိသေးဘူးဗျ။ ဒဏ်ရာရတာတို့ ဘာတို့လည်း မကြားမိသေးဘူး” ဟု ကျိုင်းတုံမြို့ ပရဟိတအသင်းတခု၏ တာဝန်ရှိသူတဦးက ပြောသည်။

ဒေသခံတဦးက “ပြင်းတာတော့ တော်တော်လေး ပြင်းတယ်။ ကျနော်တို့ ဟိုဘက်က လေးထပ်အဆောက်အဦးမှာတော့ မှန်လေးတွေအက်တာ ရှိတယ်။ အဆောက်အအုံက သေချာလေး ဆောက်ထားတော့ မထိခိုက်ဘူးပေါ့။ တချို့နေရာတော့ အထိအခိုက်ရှိနိုင်မယ်” ဟု ပြောသည်။

အဆိုပါငလျင်ကို ရှမ်းပြည်နယ် အရှေ့ပိုင်း မြို့နယ်များအပြင် ထိုင်း၊ မြန်မာနယ်စပ်ဒေသများတွင်လည်း ခံစားသိရှိရကြောင်း ဒေသခံအချို့က ပြောသည်။ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အနည်းငယ်သိသာသည့် နောက်ထပ် ငလျင် သုံးကြိမ်ထပ်မံ လှုပ်ခတ်သွားကြောင်း ကျိုင်းတုံမြို့ခံ အချို့က နံနက် ၁၀နာရီခွဲခန့်တွင် ပြောသည်။

မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှုရှိမရှိ ကျိုင်းတုံဒေသခံ သုံးဦးနှင့် တာချီလိတ်မြို့ခံ တဦးကို မေးမြန်းခဲ့ရာ လတ်တလောတွင် ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်း ဆိုသည်။

ရှမ်းပြည်နယ်ရှေ့ပိုင်းတွင် အင်အားပြင်းထန်ပြီး ထိခိုက်ပျက်စီးမှုများခဲ့သည့် ငလျင်အဖြစ် တာလေမြို့တွင်၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ရစ်ခ်စတာစကေး ၆ဒဿမ၈ ငလျင် လှုပ်ခတ်ခဲ့သည်။ ထိုငလျင်၌  လူ ၇၄ ဦးထက်မနည်း သေဆုံးပြီး နေအိမ်အဆောက်အအုံပျက်စီးမှု များခဲ့သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required