သပိတ်ကျင်းတွင် အုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ၇ ဦးသေဆုံး

By MTO(မဇ္ဈိမ)
12 November 2023
သပိတ်ကျင်းတွင် အုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ၇ ဦးသေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၄ နာရီက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေဆုံး ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TBK တောဆင်ရိုင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီး ကိုးလုံးကြဲချတိုက်ခိုက်ပြီးနောက် ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TBK တောဆင်ရိုင်းတပ်ဖွဲ့မှ တာဝန်ရှိ သူတဦးက ပြောသည်။

“စစ်ကောင်စီဘက်ကသေဆုံးမှုကိုတော့ မျက်မြင်တွေ့သူတွေရှိခဲ့ပြီး နာရေးကားနှစ်စီးနဲ့ သယ်သွားတာ ကြောင့်ပါ။ ရုံးကိုဝင်မစီးနိုင်ခဲ့တာဟာ အချိန်ကြောင့်ပါ။ မနက်မိုးလင်းခါနီးဖြစ်နေတော့ ထွက်လမ်းတွေမှာ အခက်အခဲရှိတာကြောင့်ပါ” ဟု ၎င်းကပြောသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးရုံး၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ရုံးရှေ့တွင်ဂိတ်ချ၍ ငွေကြေး ကောက်ခံခြင်းများပြုလုပ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ယခုတိုက်ခိုက်မှုသည် ရှမ်းပြည်မြောက်ပိုင်းတွင် မဟာမိတ်ညီနောင်သုံးဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များပူးပေါင်းဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီဖော်ဆောင်သည့် စစ်ဆင် ရေးတခုဖြစ်ကြောင်း TBK တောဆင်ရိုင်းအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“စစ်ကောင်စီအပါအဝင် လက်အောက်ခံတွေ အလင်းဝင်ပါ၊ လက်နက်ချပါ။ ၁၀၂၇ နဲ့အတူ တလှိုင်းပြီး တလှိုင်း ထပ်လာပါမယ်။ နောက်ပြီး အိမ်ပြန်ချိန်နီးပြီဖြစ်တာကြောင့် ပြည်သူတွေပိုပြီး အားစိုက်ရုန်းပေး ကြပါ။ ကူကြပါ။ လုံခြုံရေးအတွက် အမြဲသတိရှိကြဖို့ ပြောလိုပါတယ်” ဟု ၎င်းကပြောသည်။

ယခုတိုက်ခိုက်မှုကို သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့ ၊ ဗိုလ်မိုးကြိုးတပ်ဖွဲ့ ၊ Nine PDF တပ်ဖွဲ့ ၊ ဗိုလ်ကင်းတပ်ဖွဲ့ ၊ သပိတ်ကျင်းမြို့နယ်(ပကဖ)တောဆင်ရိုင်းတပ်ဖွဲ့ နှင့် Northern Tiger Group (NTG) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required