စစ်ရေးတင်းမာနေသည့် သပိတ်ကျင်းနှင့်မတ္တရာတွင် ကြံ့ခိုင်ရေးအုပ်ကြီး ၃ ယောက် ပစ်သတ်ခံရ

By 007(မဇ္စျိမ)
16 November 2023
စစ်ရေးတင်းမာနေသည့် သပိတ်ကျင်းနှင့်မတ္တရာတွင် ကြံ့ခိုင်ရေးအုပ်ကြီး ၃ ယောက် ပစ်သတ်ခံရ
ပုံစာ- ဧရာဝတီတိုင်းအတွင်း ကြံ့ခိုင်ရေးပါတီဝင်များအား ရပ်ကျေးအုပ်ချုပ်ရေးရာထူးတာဝန်ပေးအပ်ပွဲတစ်ခုမှ သတင်းဓာတ်ပုံ။ Photo: Cj

မန္တလေးတိုင်း၊ သပိတ်ကျင်းနှင့်မတ္တရာမြို့နယ်တို့တွင် စစ်ရေးတင်းမာပြီး တိုက်ပွဲများပြင်းထန်နေသည့်ကြားမှ  တရက်အတွင်း  ကြံ့ခိုင်ရေးပါတီ၀င် ကျေးရွာအုပ်ချုပ်ရေးမှူးသုံးဦး ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

နို၀င်ဘာလ ၁၄ ရက် နေ့လယ် ၂ နာရီကျော်ခန့်က၊ သပိတ်ကျင်းမြို့နယ် ပေါက်တပင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဦးမျိုးတင့်(ကြံ့ခိုင်ရေးပါတီ၀င်)နှင့် အဖွဲ့၀င်ဦးခင်၀င်း(ကြံ့ခိုင်ရေးပါတီရပ်/ကျေးဥက္ကဋ္ဌ)တို့သည်၊ ဓမ္မပီယလူမှုကူညီရေးအသင်း၀င်ဦးဇော်မင်းဆိုသူနှင့်အတူ၊ အသင်းပိုင်မော်တော်ယာဉ်ဖြင့် တကောင်းမြို့သို့ ထွက်လာစဉ်၊ ကိုးပင်ကျေးရွာအနီးအရောက်၊ လက်နက်ကိုင်အဖွဲ့တခု၏ ပစ်ခတ်ခြင်းခံလိုက်ရကြောင်း၊ ပစ်ခတ်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသူ သုံးဦးစလုံး သေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

“မတ္တရာမှာနှစ်ယောက်၊ သပိတ်ကျင်းမှာတယောက်၊ သုံးယောက်စလုံးက ကြံ့/ဖွံ့အုပ်ကြီးတွေချည်းပဲ၊ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ မထုတ်ပြန်ထားဘူး” ဟု မတ္တရာမြို့နယ်တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်က ယမန်နေ့(နို၀င်ဘာ ၁၅ ရက်)ညနေပိုင်းတွင် မဇ္စျိမကိုပြောသည်။

မည်သည့်အဖွဲ့ကပစ်ခတ်သွားခြင်းဖြစ်ကြောင်းမသိရသေးသော်လည်း စစ်အုပ်စုဘက်ကသတင်းများတွင် PDF လက်ချက်ဖြစ်ကြောင်း ကားကိုပါမီးရှို့ဖျက်ဆီးသွားကြောင်း ဆိုသည်။

ထိုနေ့ညနေပိုင်းက၊ မတ္တရာမြို့နယ် ညောင်ကုန်းကျေးရွာအုပ်စု၊ ညောင်ကုန်း(တောင်)ကျေးရွာမှ ရာအိမ်မှူးဦးမျိုးအောင်(ကြံ့ခိုင်ရေးပါတီ၀င်)ဆိုသူလည်း လမ်းသွားရင်း သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရကြောင်း မတ္တရာမြို့ နယ် ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းမှ သိရသည်။

အဆိုပါ ရာအိမ်မှူးသည် ညနေ ၅ နာရီခန့်က အပြင်မှနေအိမ်သို့ ပြန်လာစဉ် ဆူးခါး-ဆင်ရွာဖြတ်သန်းသည့် ကွန်ကရစ်တံတားအနီးအရောက် ဆိုင်ကယ်ဖြင့် နောက်မှကပ်လျက်လိုက်ပါလာသူနှစ်ဦးက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဦးခေါင်းထိမှန်ဒဏ်ရာတချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း နီးစပ်သူတဦးကပြောသည်။

၎င်းပစ်ခတ်မှုနှင့်ပတ်သက်၍လည်း မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း မသိရသေးပေ။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား အချိန်မရွေး စစ်ဖြစ်နိုင်သည့်အခြေအနေဖြစ်နေပြီး မတ္တရာမြို့နယ်၌ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

 တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA )၊  ပြည်သူ့ကာကွယ်ရေးတပ်မတော်( MDY-PDF )မန္တလေး၊ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းထားသည့် မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား၊ နို၀င်ဘာလ ၁၃ ရက်နေ့မှ နို၀င်ဘာလ ၁၅ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။

မြေပြင်တွင်အထိနာနေသည့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း သုံးရက်အတွင်း လေကြောင်းပစ်ခတ်မှု ခုနစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း MDY-PDF က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly