တပ်စခန်း ၄ခု သိမ်းပိုက်ခံရပြီးနောက် နမ့်ခမ်းမြို့တွင်း၌ တိုက်ပွဲပြင်းထန်

By ဂျူချန်း (မဇ္ဈိမ)
03 November 2023
တပ်စခန်း ၄ခု သိမ်းပိုက်ခံရပြီးနောက် နမ့်ခမ်းမြို့တွင်း၌ တိုက်ပွဲပြင်းထန်
ပုံအညွှန်း- ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရစဉ် (PSLF/TNLA)

ယနေ့ နိုဝင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်းတွင် TNLA ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်က တပ်စခန်းလေးခုကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် နမ့်ခမ်းမြို့ပေါ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း TNLA နှင့် နီးစပ်သူနှင့် ဒေသခံများထံက  သိရသည်။

ယနေ့ နံနက်အစောပိုင်းတွင် နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြားရှိ ခမရ (၄၂၃) အခြေစိုက် ရွှေလီကြိုးတံတား တပ်စခန်း၊ မန်တုံမြို့ရှိ စစ်ကောင်စီရဲစခန်း၊  စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်စခန်း၊ နောင်ချိုမြို့ရှိ ကွန်ခါ တပ်စခန်း စုစုပေါင်း တပ်စခန်း လေးခုကို ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း PSLF/TNLA မှ ယနေ့ နိုဝင်ဘာ ၃ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပုံအညွှန်း- ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရစဉ် (PSLF/TNLA)

နမ့်ခမ်းမြို့နယ်ရှိ ရွှေလီကြိုးတံတား သိမ်းပိုက်ခံရပြီးနောက် စစ်ကူလာရန် နမ့်ခမ်းမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို TNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက အောင်မေတ္တာရပ်ကွက်၌ စောင့်ကြိုတိုက်ခိုက်သဖြင့် နမ့်ခမ်းမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ မန့်ဝိန်း (ရွှေလီကြိုးတံတားတပ်စခန်း) စခန်းကို သွားသိမ်းတဲ့အချိန် သူတို့ စစ်ကူလာဖို့ နမ့်ခမ်းမြို့ကနေ ထွက်လာတာ။ အဲ့ဒီ နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်နားမှာ ကျနော်တို့က စောင့်ပြီးပစ်တာ” ဟု TNLA နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပုံအညွှန်း- ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရစဉ် (PSLF/TNLA)

 သိမ်းပိုက်ခံထားရသည့် ရွှေလီကြိုးတံတား စစ်ကောင်စီတပ်စခန်းမှ နမ့်ခမ်းမြို့သို့ ကားနှင့်သွားပါက ၁၅ မိနစ်ခန့်သာ မောင်းရပြီး သတင်းရေးသားနေသည့် နေ့လယ် ၁၂နာရီခွဲ အချိန်အထိ နမ့်ခမ်းမြို့အတွင်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှုများအကြား အရပ်သားအမျိုးသမီးတဦး ထိခိုက်ထားပြီး တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သဖြင့် အသေးစိတ်အခြေအနေမသိရသေး ကြောင်း ဒေသခံတဦးက ပြောသည်။

လတ်တလောတွင် နမ့်ခမ်းမြို့တွင် တိုက်ပွဲပြင်းထန်နေသဖြင့် မူဆယ်မြို့အဝင်၌ စစ်ကောင်စီမှ လုံခြုံရေး အင်အားတိုး ချမှတ်ထားကြောင်း သိရသည်။

ပုံအညွှန်း- နိုဝင်ဘာ ၃ ရက်နေ့ နမ့်ခမ်းမြို့တွင်း (ပေးပို့)

“မူဆယ်မြို့အဝင် ခံစစ်စည်းတွေလုပ်နေတယ်။ ပေါ်တင်က ၂၀ လောက်ရှိတယ်။ ကညန နဲ့ အလုပ်သမားရုံးထဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်း ၄၀ ကနေ ၅၀ လောက်ရှိတယ်” ဟု မူဆယ်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ နံနက်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ရွှေလီကြိုးတံတား စခန်းသိမ်းတိုက်ပွဲ ၌ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် သုံးကြိမ် လာရောက်ပစ်ကူပေးခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားရာနှင့် ဝေးသည့် နမ့်ခမ်းမြို့နယ်၊ လွယ်အင်ကျေးရွာ ကိုလည်း စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် တဦး ထိမှန်ဒဏ်ရာရကာ ဘုန်းကြီးကျောင်းအဆောက်အအုံကိုလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ပုံအညွှန်း- နိုဝင်ဘာ ၃ ရက်နေ့ နမ့်ခမ်းမြို့တွင်း (ပေးပို့)

နမ့်ခမ်းမြို့နယ်၊ ရွှေလီကြိုးတံတား တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ သေနတ်လေးလက်၊ RPG ဗုံးသီး ရှစ်လုံး၊ လက်ပစ်ဗုံး ၅၀ လုံး၊  ၆၀မမ ဗုံးသီး ၃၀လုံး၊ ခဲယမ်းကျည်ဆန်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ကြေညာပြီးနောက် တပတ်အတွင်း စစ်ကောင်စီ၏ စခန်းအကြီးအသေး တပ်စခန်းပေါင်း ၉၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း) နှင့် သိန္နီမြို့တို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly