ဩဇာသီးနှင့် သံပုရာရည်တွဲစားပါက သေတတ်သည်ဆိုသည့် သတင်းမှား

By JC(မဇ္ဈိမ)
21 October 2023
ဩဇာသီးနှင့် သံပုရာရည်တွဲစားပါက သေတတ်သည်ဆိုသည့် သတင်းမှား

ဩဇာသီးနှင့် သံပုရာရည် တွဲစားမိပါက သေတတ်သည်ဆိုသော အကြောင်းအရာ လူမှုကွန်ရက် တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ လွဲမှားနေသည့် အယူအဆတခုသာ ဖြစ်သည်။

“Source ဆရာမောင် page” ဟုဆိုကာ “ဩဇာသီး လေးငါးလုံးစားပြီး နည်းနည်းခေါင်းမူးလာလို့ သံပုရာ ရည်သောက်လိုက်တဲ့ မိတ်ဆွေ။ သံပုရာရည်တောင် မကုန်သေးဘူး။ နေရာမှာတင် ပွဲချင်းပြီး သေသွား တယ်။ သိဖို့က... ဩဇာသီးနဲ့သံပုရာရည်တွဲမိရင် သေတတ်ပါတယ်” ဟု ပြီးခဲ့သည့် ဇွန်လမှစတင်ကာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ မူရင်းဖြန့်ဝေသူကို ရှာမတွေ့သော်လည်း ဇွန်လ ၂၇ ရက်နေ့က “Daw Yin Yin Aye” ဖေ့စ်ဘုတ်အကောင့်မှ ဖော်ပြမှုကို ပြန်လည်ဖြန့်ဝေသူ ၈,၄၀၀ ကျော်ရှိခဲ့သည်။

 “ဩဇာသီးနှင့် သံပုရာရည် တွဲစားမိပါက သေတတ်သည်”ဆိုသောအကြောင်းသည် အောက်တိုဘာလ အထိ လူမှုကွန်ရက်တွင် ဆက်လက်ပျံ့နှံ့နေဆဲ ဖြစ်သည်။

အောက်တိုဘာလ ၈ ရက်နေ့က “U Tin Aung” အမည်ဖြင့် ဖေ့စ်ဘုတ်အသုံးပြုသူတဦးမှ ယင်းအကြောင်း အရာကိုဖြန့်ဝေထားပြီး ပြန်လည်ဖြန့်ဝေမှု ၈,၄၀၀ ကျော်ရှိခဲ့သည်။ ယင်းအပြင် အခြားဖေ့စ်ဘုတ် အသုံးပြု သူများမှလည်း ထပ်ဆင့်ဖော်ပြမှုများစွာ ရှိနေသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူမှ ထိုအကြောင်းအရာအားစိစစ်ခဲ့ရာ ဩဇာသီးနှင့် သံပုရာရည်ကိုတွဲ ဖက်စားသောက်မိပါက သေတတ်သည်ဆိုခြင်းမှာ မှားယွင်းနေသည့်အယူအဆတခုသာဖြစ်ကြောင်း တွေ့ ရသည်။

ဩဇာသီးနှင့် သံပုရာရည်တွဲစားမိပါ အသက်သေဆုံးနိုင်ခြေ ရှိ ၊ မရှိ ဆေးပညာဆိုင်ရာ ကျန်းမာရေးအချက် အလက်များကိုမျှဝေနေသည့် “Hello ဆရာဝန်” အားမေးမြန်းခဲ့ရာ ယင်းမှာ မှားယွင်းနေကြောင်း ဆရာဝန် တဦးက ပြောသည်။

အချက်အလက်စစ်ဆေးသောအဖွဲ့ဖြစ်သည့် “Fact Crescendo” မှလည်း စက်တင်ဘာလ ၂၁ ရက်နေ့တွင် “Fact Check: ဩဇာသီးနဲ့သံပုရာရည်တွဲစားမိရင်သေတယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့” ဟု အချက်အလက် စစ်ဆေးထားသည်။

Fact Crescendo ၏ဖော်ပြချက်တွင် “တကယ်တော့ အစားအသောက် နှစ်ခုမတည့်လို့ သေဆုံးရခြင်း ဆိုတာမဟုတ်ဘဲ စားသုံးသူဟာ  ဆီးချိုရောဂါရှိသူအတွက် သကြားဓာတ်လွန်ကဲခြင်းလို၊ နှလုံးရောဂါလို ရောဂါအခံရှိထားသူအတွက် နှလုံးရုတ်တရက်ဖောက်ပြန်ခြင်းကြောင့် သေဆုံးခြင်းဖြစ်နိုင်ပါတယ်” ဟု ဖော်ပြထားသည်။ လင့် https://bit.ly/45Is2op

ထို့ကြောင့် ဩဇာသီးနှင့်သံပုရာရည် တွဲဖက်စားသုံးမိပါက သေဆုံးတတ်သည်မှာ အမှန်မဟုတ်ဘဲ လွဲမှား နေသည့် အယူအဆတခုသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required