ပါကစ္စတန် PTI ပါတီက အမေရိကန်နိုင်ငံနှင့် ပြည်ပရောက် ပါကစ္စတန်နိုင်ငံသားများနှင့် ဆက်ဆံရေးကောင်းထူထောင်ရန် လော်ဘီကုမ္ပဏီငှားရမ်း

By ANI 
27 March 2023
ပါကစ္စတန် PTI ပါတီက အမေရိကန်နိုင်ငံနှင့် ပြည်ပရောက် ပါကစ္စတန်နိုင်ငံသားများနှင့် ဆက်ဆံရေးကောင်းထူထောင်ရန် လော်ဘီကုမ္ပဏီငှားရမ်း

အီမရန်ခန်းက မိမိ၏ အစိုးရသည် ပြည်ပဝင်ရောက်စွက်ဖက်မှုဖြင့် ဖြုတ်ချခံခဲ့ရသည်ဟု ပြောဆိုထားသော်လည်း ၎င်း၏ ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီသည် အမေရိကန်နိုင်ငံနှင့် ပြည်ပရောက် ပါကစ္စတန်နိုင်ငံသားများနှင့် ဆက်ဆံရေးကောင်းမွန်စေရန် လော်ဘီကုမ္ပဏီတစ်ခုကို ထပ်မံ ငှားရမ်းလိုက်ကြောင်း The News International သတင်းစာတွင် ဖော်ပြထားသည်။

PTI ပါတီ၏ အမေရိကန်ဆိုင်ရာဌာနခွဲ (PTI USA) သည် အမေရိကန်နှင့် ၎င်းရှိ ပါကစ္စတန် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဆက်ဆံရေးကောင်းမွန်လိုသည့် ပါတီ၏ရည်မှန်းချက်များကို အထောက်အကူပြုရန် ဝါရှင်တန်အခြေစိုက် စည်းရုံးရေးကုမ္ပဏီ Praia Consultants LLC နှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း The News International သတင်းဌာနမှ မတ်လ ၂၂ ရက်တွင် ရရှိထားသော စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။

ပြည်ပကိုယ်စားလှယ်များ မှတ်ပုံတင်ခြင်းဆိုင်ရာ အက်ဥပဒေနှင့်အညီ အမေရိကန်တရားရေးဌာနထံ တင်ပြထားသည့် စာရွက်စာတမ်းများအရ ၆ လသက်တမ်းရှိ အဆိုပါစာချုပ်ကို ဖေဖော်ဝါရီ ၂၁ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ နယူးယောက်အခြေစိုက် PTI USA သည် ယင်းလော်ဘီကုမ္ပဏီ၏ အဓိကဖောက်သည်ဖြစ်သည်။
ကုမ္ပဏီကို ၁ လငှားရမ်းခ ၈၃၃၃ ဒေါ်လာဖြင့် ၆ လကြာ ငှားရမ်းထားခြင်း ဖြစ်သည်။

အဆိုပါ စာချုပ်သက်တမ်းအတွင်း ယင်းကုမ္ပဏီသည် PTI ပါတီနှင့် အမေရိကန်အစိုးရနှင့် အဖွဲ့အစည်းများအကြား ဆက်ဆံရေးနှင့်ပတ်သက်ပြီး ထိရောက်သော အကြံဉာဏ်များ ပေးရမည်ဖြစ်သည်။ ထို့ပြင် ကုမ္ပဏီသည် အမေရိကန်ရှိ အရေးပါသော ဆုံးဖြတ်ပိုင်ခွင့်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများကို စီစဉ်ပေးမည်ဖြစ်ပြီး အစည်းအဝေးတွင် ဆွေးနွေးရမည့်အကြောင်းအရာနှင့်ပတ်သက်၍ အကြံဉာဏ်များ ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းစာချုပ်တွင် ဖော်ပြထားသည်။ 

ထို့ပြင် နှစ်ဖက်စလုံးမှ ကန့်ကွက်ခြင်းမရှိဘဲ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး စာဖြင့်ရေးသားအတည်ပြုပြီးပါက အဆိုပါ စာချုပ်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ နောက်ထပ် ၆ လ သက်တမ်းတိုးသွားမည် ဖြစ်သည်။

ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီသည် သတင်းသမားများထံ သတင်းအချက်အလက်များဖြန့်ဝေခြင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း၊ ဆောင်းပါးများရေးသားကာ ရုပ်သံအစီအစဉ်များထုတ်လွှင့်ခြင်း၊ PTI ကိုယ်စားလှယ်များ ပါတီထောက်ခံသူများနှင့် တွေ့ဆုံမေးမြန်းရန် စီစဉ်ပေးခြင်း၊ လူမှုမီဒီယာ လှုပ်ရှားများအတွက် အကြံပေးရန်နှင့်  အခြား အလားတူ ပြည်သူ့ဆက်ဆံရေး ဝန်ဆောင်မှုများအတွက် Fenton/Arlook လော်ဘီစည်းရုံးရေးနှင့် ပြည်သူ့ဆက်ဆံရေးကုမ္ပဏီကို တစ်လလျှင် ဒေါ်လာ ၂၅ ၀၀၀ ဖြင့် ယမန်နှစ်က ငှားရမ်း စာချုပ်ချုပ်ဆိုထားကြောင်း The News International တွင် ဖော်ပြခဲ့သည်။ 

အဆိုပါ သတင်းနှင့်ပတ်သက်၍ PTI အကြီးတန်းခေါင်းဆောင် ဖာဝဒ်ချောက်ဒရီအား News International က ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ခဲ့ခြင်း မရှိပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly