ပါကစ္စတန်ရှိ ခရစ်ယာန်ဘာသာဝင်များကို အကာအကွယ်ပေးရန် လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

By   ANI 
28 March 2023
ပါကစ္စတန်ရှိ ခရစ်ယာန်ဘာသာဝင်များကို အကာအကွယ်ပေးရန် လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

ပါကစ္စတန်တွင် ခရစ်ယာန်ဘာသာဝင်များကို တိုက်ခိုက်မှု အကြိမ်ရေ တိုးလာခြင်းကြောင့် အဆိုပါ လူမှုအသိုင်းအဝိုင်းကို ကာကွယ်ရေးအတွက် ခိုင်မာသော လုပ်ဆောင်ချက်များ ဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန်သံတမန်အဖွဲ့အား အမေရိကန်ရှိ ခရစ်ယာန်အဖွဲ့အစည်းပေါင်းစုံနှင့် လူ့အခွင့်အရေးအဖွဲ့များက ဖိအားပေးလျက်ရှိကြောင်း Just Earth News (JEN) သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ပါကစ္စတန်သံတမန်အဖွဲ့သည် လွန်ခဲ့သည့်နှစ်အတွင်း ယင်းကဲ့သို့စာများ ရာနှင့်ချီ၍ လက်ခံရရှိထားကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ပါကစ္စတန်တွင် ခရစ်ယာန်ဘာသာဝင်များအပေါ် တိုက်ခိုက်မှုများ တိုးလာခြင်းသည် စီးပွားရေးပြိုလဲမှုနှင့် နိုင်ငံရေးအခြေအနေ ယိုယွင်းလာမှုတို့ကြောင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားလာချိန်တွင် ဖြစ်ပေါ်လာကြောင်း JEN သတင်းတွင် ဖော်ပြခဲ့သည်။

ယင်းအဖွဲ့အစည်းများ၏ ကန့်ကွက်စာများတွင် ခရစ်ယာန်ဘာသာဝင်များအား အကွက်ချ ထိပါးစော်ကားမှုများကို ဖော်ပြထားသလို ထိပါးစော်ကားမှုများအတွက် တရားမျှတမှုမရှိသော ပြစ်ဒဏ်များချမှတ်ခြင်း၊ ခရစ်ယာန် မိန်းကလေးငယ်များကို အသက်ကြီးသော မွတ်စလင် အမျိုးသားများနှင့် အတင်းအဓမ္မ လက်ထပ်စေခြင်း၊ ပါကစ္စတန်နိုင်ငံတစ်ဝန်း အတင်းအဓမ္မ ဘာသာပြောင်းခိုင်းခြင်း၊ ခရစ်ယာန်များ၏ လယ်ယာမြေနှင့် ပိုင်ဆိုင်မှုများကို သိမ်းပိုက်ခြင်းများကိုလည်း ထည့်သွင်းဖော်ပြထားသည်။ ပါကစ္စတန်တွင် မကြာသေးမီကဖြစ်ပွားခဲ့သော သီးခြားတိုက်ခိုက်မှု ၂ ခုတွင် ခရစ်ယာန်လယ်သမား ၂ ဦး သတ်ဖြတ်ခံခဲ့ရသည်။

ပန်ဂျပ်ပြည်နယ်၊ ခါနီဝယ်လ်ခရိုင်ရှိ မွတ်စလင်မြေပိုင်ရှင်တစ်ဦးဖြစ်သည့် မူဟာမက်ဝါဝင်းက ခရစ်ယာန်လယ်ယာလုပ်သား အီမန်နျူရယ်မာဆီအား လိမ္မော်သီးများ ခိုးယူသည်ဟု စွပ်စွဲကာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ အစောပိုင်းတွင် သတ်ဖြတ်ခဲ့သည်။
ထို့ပြင် မာလကာသီးစိုက်ပျိုးသူ ခရစ်ယာန်ဘာသာဝင် အလ္လာဒစ်တာကို မာလကာသီး လာခိုးသည့် မွတ်စလင် လူငယ် ၃ ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ အမှု ၂ ခုစလုံးတွင် တရားခံများ လွတ်မြောက်နေဆဲ ဖြစ်သည်။ 

အသက် ၁၅ နှစ်အရွယ် ခရစ်ယာန်မိန်းကလေး ဆီတာရာအာရစ်ဖ်အား အသက် ၆၀ အရွယ် မွတ်စလင်အမျိုးသား ရာနာတေယက်ဘ်နှင့် အတင်းအကျပ် လက်ထပ်စေခြင်းကိုလည်း ခရစ်ယာန်အဖွဲ့အစည်းများက အလေးထား ဖော်ပြခဲ့သည်။ 
ဆီတာရာသည် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပြန်ပေးဆွဲခံခဲ့ရပြီး ၎င်း၏ မိသားစုဝင်များက အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ၂ လအကြာမှ အမှုဖွင့်နိုင်ခဲ့သည်။ 

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ပါကစ္စတန်ဘုရားကျောင်းရှိ ခရစ်ယာန်ဘုန်းကြီးများသည် ပြီးခဲ့သောနှစ်က ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရကာ ခရစ်ယာန်ဘုန်းတော်ကြီး ဝီလျံဆာရက်ဂျ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ထို့ပြင် ဆင်းရဲနွမ်းပါးသော ခရစ်ယာန်မိသားစုများအတွက် ဖွင့်လှစ်ထားသည့် ပါကစ္စတန်ရှိ ခရစ်ယာန်ကျောင်းများသည်လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ပစ်မှတ်ထားခံနေရကြောင်း JEN သတင်းတွင် ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required