ပါကစ္စတန်မြို့ကြီး ၂၄ မြို့တွင် သန့်ရှင်းသောရေကို သောက်သုံးခွင့်မရ

By ANI 
27 March 2023
ပါကစ္စတန်မြို့ကြီး ၂၄ မြို့တွင် သန့်ရှင်းသောရေကို သောက်သုံးခွင့်မရ

ပါကစ္စတန်နိုင်ငံရှိ အဓိကမြို့ကြီး ၂၄ တွင်နေထိုင်သူ ၈၀ ရာခိုင်နှုန်းသည် သန့်ရှင်းသောရေကို မရရှိကြသလို ကရာချိမြို့ရှိ ဆင်းရဲသားရပ်ကွက်များတွင် နေထိုင်သူ ၁၆ သန်းမှာလည်း ရေသွယ်တန်းသုံးစွဲခွင့် မရရှိဘဲ နိုင်ငံသား သန်း ၃၀ နီးပါးသည် ရေအခက်အခဲကြုံတွေ့နေရကြောင်း Asian Lite သတင်းစာတွင် ဖော်ပြထားသည်။

ပါကစ္စတန်သည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ပြဿနာများစွာ ကြုံတွေ့နေရကာ အဆိုးရွားဆုံးပြဿနာမှာ ရေရှားပါးပြတ်လပ်မှု ဖြစ်သည်။

ပါကစ္စတန်သည် ရေအရင်းမြစ် ထိန်းသိမ်းရေးအတွက် လိုအပ်သည်များကို မလုပ်ဆောင်လျှင် ၂၀၂၅ ခုနှစ်တွင် ရေလုံးဝခန်းခြောက်သွားနိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားသည်။ 

ပါကစ္စတန်တွင် ရေဖူလုံရေးပြဿနာကို ပိုမိုဆိုးရွားစေသည့် အကြောင်းရင်းများစွာရှိသည်။ အရေးအကြီးဆုံးမှာ နိုင်ငံအတွင်း လူဦးရေတိုးလာခြင်းကြောင့် ရေလိုအပ်ချက် မြင့်တက်လာခြင်း ဖြစ်သည်။ နိုင်ငံတွင်း ရေပေးဝေမှုမှာ ဧကပေ ၁၉၁ သန်းသာ ပေးနိုင်ချိန်တွင် လူဦးရေ သန်း ၂၂၀ ကျော်လာသည့်အတွက် ရေလိုအပ်ချက်သည် ဧကပေ ၂၇၄ သန်းအထိ ရောက်ရှိလာနိုင်ကြောင်း Asian Lite တွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဟောင်းနွမ်းယိုယွင်းနေသော ရေအခြေခံအဆောက်အအုံများနှင့်အတူ အက်ကွဲနေသော တူးမြောင်းများနှင့်  သဲနုန်းများပြည့်နေသော ဆည်ကြီးများကြောင့် ရေသိုလှောင်မှုနှင့် ထိန်းသိမ်းနိုင်စွမ်းကို ထိခိုက်စေသည်။ ရေလမ်းကြောင်းတစ်လျှောက် ရေအမြောက်အများ ပြုန်းတီးမှုကြောင့် နိုင်ငံတွင် တိုးလာသော ရေလိုအပ်ချက်နှင့် ရေပေးဝေမှုကို လုံလောက်အောင် ဖြည့်ဆည်းနိုင်စွမ်း မရှိတော့ပေ။

ထို့ပြင် နိုင်ငံတွင် အများဆုံး စိုက်ပျိုးသော ဂျုံ၊ ဆန်၊ ဝါ၊ ကြံ စသည့် သီးနှံများသည် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ ၅ ရာခိုင်နှုန်းအောက်သာ ရရှိသော်လည်း ၎င်းတို့ကို စိုက်ပျိုးရန် ရေအမြောက်အများ လိုအပ်ပြီး ရေရရှိမှု၏ ၉၅ ရာခိုင်နှုန်းခန့်ကို သုံးစွဲနေရသည်။ 

ပါကစ္စတန်တွင် ရေမြောင်းများရှိသော်လည်း ရေပေးဝေမှုအတွက် မိုးရေကို မှီခိုနေရသည်။ ရာသီဥတုဖောက်ပြန်မှုသည် မိုးရွာသွန်းမှုပုံစံကို ထိခိုက်စေပြီး ရေအကျပ်အတည်းကို ပိုမိုဆိုးရွားစေကာ ရေရှားပါးမှုကို ဖြစ်ပေါ်စေပြီး ရေရှည်မိုးခေါင်ရေရှားမှု ကြုံတွေ့လာရနိုင်သည်။ 

ရေအရည်သွေးမှာလည်း နိမ့်ကျပြီး မစင်ပိုးနှင့် ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် အခြားဓာတ်ပစ္စည်းများ ပါဝင်လေ့ရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။  ပါကစ္စတန်ရှိ လူဦးရေ၏ ၆၅ ရာခိုင်နှုန်းကျော်သည် ညစ်ညမ်းသောရေကို သုံးစွဲနေရပြီး လူသန်းပေါင်းများစွာ အသုံးပြုနေသော သောက်သုံးရေများတွင် အာဆင်းနစ်ဓာတ် ပါဝင်ကြောင်း တွေ့ရှိရသည်။

ပါကစ္စတန်သည် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အဆိုးရွားဆုံးခံရသည့် ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်ပြီး ရေပြတ်လပ်မှုသည် လာမည့်ဆယ်စုနှစ်အတွင်း ပိုမို ဆိုးရွားလာဖွယ်ရှိသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly