ပါကစ္စတန်က ယူကရိန်းသို့ တင့်ကားများ ပေးပို့သွားရန် စဉ်းစားနေ

By Firstpost
24 March 2023
ပါကစ္စတန်က ယူကရိန်းသို့ တင့်ကားများ ပေးပို့သွားရန် စဉ်းစားနေ

ပါကစ္စတန်သည် လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအကျပ်အတည်းမှ လွတ်မြောက်ရေးအတွက် အနောက်နိုင်ငံများ၏ ငွေကြေးအကူအညီရရန် အလဲအလှယ်အဖြစ် ယူကရိန်းသို့ တင့်ကားများ၊ ခဲယမ်းမီးကျောက်များနှင့် အခြားကာကွယ်ရေးပစ္စည်းများ ပေးပို့ရန် ဖိအားပေးခံနေရသည်။ 

ရုရှားအား ခုခံစစ်ဆင်နွှဲရာတွင် အထောက်အကူပြု အင်အားဖြည့်တင်းရန် ပါကစ္စတန်က ယူကရိန်းထံသို့ T-80UD ပင်မတိုက်ပွဲဝင်တင့်ကား (MBT) ၄၄ စီးကို ပေးပို့သွားရန် စဉ်းစားနေကြောင်း မီဒီယာများတွင် ဖော်ပြထားသည်။ 

တရုတ်၊ ဆော်ဒီအာရေးဗီးယားနှင့် ယူအေအီးကဲ့သို့သော ပါကစ္စတန်၏ အစဉ်အလာမဟာမိတ်နိုင်ငံများသည် ငွေထပ်ချေးရန် စိတ်မဝင်စားတော့ချိန်မှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း ငွေကြေးထောက်ပံ့ရေးအတွက် လိုအပ်သော စည်းကမ်းသတ်မှတ်ချက်များကို တောင်းဆိုနေသည့်အတွက် ပါကစ္စတန်သည် ကိုယ့်အတတ်ကိုယ်စူးသည့် ဆိုးရွားသော စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ 

ပါကစ္စတန်သည် ရုရှားကျူးကျော်စစ် အစောပိုင်းကာလမှစပြီး ယူကရိန်းသို့ လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် အမြောက်ကျည်ဆန်များကို ထောက်ပံ့ပေးလျက်ရှိသည်။ သို့သော် အနောက်တိုင်းမဟာမိတ်မဟုတ်သည့် အခြားနိုင်ငံမှ ယူကရိန်းသို့ တင့်ကားများ ပထမဆုံးအကြိမ် ထောက်ပံ့မှု ဖြစ်လာမည် ဖြစ်သည်။

ပါကစ္စတန်စစ်တပ်တွင် တင့်ကား ၂ ၄၆၇ စီးရှိသည်။ ယူကရိန်းနှင့် စစ်ရေးနှင့် စက်မှုလုပ်ငန်းတို့တွင် နီးကပ်သော ဆက်ဆံရေးရှိသည့် ပါကစ္စတန်နိုင်ငံသည် ဆိုဗီယက် T-80 ကို အဆင့်မြှင့်တင်ထားသော တင့်ကား အစီးရေ ၃၂၀ ကျော်ကို ယူကရိန်းထံမှ ဝယ်ယူထားသည်။

ပါကစ္စတန်နှင့် ယူကရိန်းတို့ကြား သဘောတူညီချက်တွင် ခဲယမ်းနှင့် အပိုပစ္စည်းများ အပါအဝင် T-80UD တင့်ကားများကို အလုံးစုံ ပြုပြင်ထိန်းသိမ်းရန် ပါဝင်သည်။

ယူကရိန်းသည် ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ပြီးချိန်မှစ၍ ပါကစ္စတန်နှင့် နီးကပ်သော စစ်ရေးဆက်ဆံမှုများရှိခဲ့ပြီး နှစ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အထိ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံနီးပါး တန်ဖိုးရှိ ကာကွယ်ရေးဆိုင်ရာ သဘောစာချုပ်များကို ချုပ်ဆိုထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required